၃၀.၉.၂၀၂၅
Written by Thiri
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ မန်ကျဉ်းကိုင်းကျေးရွာအနီးရှိ ကြက်မောက်တောင်ရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်ကာ မိတ္ထီလာ – ကျောက်ပန်းတောင်း ကားလမ်းကို ယာယီ ပိတ်ထားရတယ်လို့ သိရပါတယ်။
အဆိုပါဆည်ရေလျှံမှုကြောင့် ဖြတ်သန်းသွားလာလို့ မရတော့တဲ့အတွက် ခရီးသည်တင်ကားတွေနဲ့ ကုန်တင်ကားတချို့လည်း ပိတ်မိနေပြီး ဆည်ရေက စက်တင်ဘာ ၃၀ ရက် နံနက် ၁၀ နာရီခန့်မှ စတင်ကာ ရေပိုလွှဲကနေ ရေကျော်ခဲ့တာလို့လည်း သိရပါတယ်။ ကြက်မောက်တောင်ဆည် ရေလှောင်တမံဟာ မြေသားတမံ အမျိုးအစားဖြစ်ပြီး၊ ရေပိုလွှဲကနေ ရေလျှံကျတာဟာ အဲဒီဆည် တည်ဆောက်ပြီးကတည်းက ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။





အဆိုပါ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေတဲ့ နေရာတစ်ဝိုက် မြေပြင်အကူအညီပေးနေတဲ့ ဝန်ဇင်းလူငယ် ပရဟိတ အဖွဲ့မှ တာဝန်ရှိသူက ” ဒီမှာ မိုး မတအား များနေတာ။ အခုလည်းရွာနေတာပဲ။ လမ်းက ဒီနေ့ ပွင့်ဖို့ မသေချာဘူး။ မိုး တိတ်မှပဲ ရေနည်းလိမ့်မယ်။ တမြန်နေ့ (စက်တင်ဘာ ၂၈) ရက်ကတည်းက မိုးကြီးတာ ” လို့ MT News က ဒီကနေ့ ညနေ ငါးနာရီခန့်မှာ ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
ကျောက်ပန်းတောင်းမြို့နယ်မှာ စက်တင်ဘာ ၂၉ ရက်နေ့က မိုးရေချိန် ၀ ဒသမ ၃၂ လက်မ၊ စက်တင်ဘာ ၃၀ ရက်နေ့မှာ ၂ ဒသမ ၈ လက်မရွာသွန်းခဲ့တာကြောင့် စက်တင်ဘာ ၃၀ ရက် နံနက် ၁၀ နာရီအချိန်မှာ ကျောက်ပန်းတောင်း-မိတ္ထီလာကားလမ်းမ မိုင်တိုင်အမှတ် ၅၁/၄ မှ ၅၁/၇ မိုင်အတွင်း ရေပိုလွှဲမှ လျှံကျတဲ့ ရေစီးအားပြင်းထန်နေတဲ့အတွက် ခရီးသွားပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းရေး ဖြတ်သန်းမှု ယာယီပိတ်ထားပြီး ရေစီးအားနှေးကာ ရေကျော်မှု လျော့နည်းလာပါက ပြန်လည် ဖြတ်သန်းခွင့်ပြုမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။
