◾️ တရုတ်အစိုးရ၏အရေးယူမှုက အမေရိကန်ကို တရုတ်တိုင်ဝမ်အရေးမှာ ပါဝင် စွက်ဖက်မှုမပြုဘဲ နေဖို့ သတိပေးတဲ့ မဟာဗျူဟာမြောက် လုပ်ဆောင်ချက်ဟုသာ သုံးသပ်ရ
၂၆.၉.၂၀၂၅.
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက အမေရိကန်ကုမ္ပဏီခြောက်ခုအပေါ် ကုန်သွယ်ရေးပိတ်ဆို့မှုကို စက်တင်ဘာလ ၂၅ ရက်က ကြေညာခဲ့ရာမှာ အင်အားကြီးနှစ်နိုင်ငံရဲ့ခေါင်းဆောင်တွေအကြား ထိပ်သီး ဆွေးနွေးပွဲတစ်ရပ်ကျင်းပပြီး နွေးထွေးစွာ တွေ့ဆုံကြဖို့ ပြင်ဆင်နေချိန်မှာပဲ အမေရိကန်နဲ့ တရုတ်တို့ရဲ့ ကျယ်ပြန့်လှတဲ့ ပြိုင်ဆိုင်မှုမှာ နောက်ထပ် ပေါက်ကွဲမှုတစ်ရပ်ဖြစ်ခဲ့ရတာလို့ ဆိုရတော့မှာပါ။
တရုတ်အစိုးရ၊ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အမေရိကန် ကုမ္ပဏီ သုံးခုကို “အားကိုးစိတ်ချရမှုမရှိတဲ့ အဖွဲ့အစည်းစာရင်း” မှာ ထည့်သွင်းခဲ့ပြီး တရုတ်နိုင်ငံမှာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှု ပြုလုပ်မှုကို ထိရောက်စွာ တားမြစ်ပိတ်ပင်ခဲ့ပါတယ်။
ပိတ်ဆို့မှုခံရတဲ့စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ မောင်းသူမဲ့ယာဉ်ကုမ္ပဏီ Saronic Technologies၊ ဂြိုဟ်တုကုမ္ပဏီ Aerkomm နဲ့ ပင်လယ်ရေအောက်အင်ဂျင်နီယာကုမ္ပဏီ Oceaneering International တို့ဟာ ထိုင်ဝမ်နဲ့ စစ်ရေးနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှာ ပါဝင်နေပြီး တရုတ်နိုင်ငံရဲ့ နိုင်ငံတော်အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားတွေကို ပြင်းထန်စွာ ထိခိုက်စေတယ် လို့ ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
“တရုတ်နိုင်ငံဟာ နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ဥပဒေနဲ့အညီ အန္တရာယ်ဖြစ်စေတဲ့ နိုင်ငံခြားအဖွဲ့အစည်း အနည်းစုကို ပစ်မှတ်ထားတာဖြစ်ပြီး ရိုးသားပြီး ဥပဒေလိုက်နာတဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေအနေနဲ့ စိုးရိမ်စရာအကြောင်းမရှိပါဘူး” လို့ ဝန်ကြီးဌာနရဲ့ကြေညာချက်က ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်က နှစ်နိုင်ငံမှခေါင်းဆောင်နှစ်ဦးကြား နှစ်နာရီနီးပါးကြာ ဖုန်းဆက်သွယ်ပြောဆိုမှုအပြီးမှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အောက်တိုဘာလမှာ တောင်ကိုးရီးယားနိုင်ငံမှာ ကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေး ပြင်ပမှာ တရုတ်ခေါင်းဆောင် ရှီကျင့်ဖိန်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ပြောခဲ့ပါတယ်။
သမ္မတ ထရမ့်ပ်ဟာ ဇန်နဝါရီလမှာ သူ့ရဲ့ဒုတိယမြောက် သမ္မတသက်တမ်း စတင်ချိန်မှစလို့ နှစ် နိုင်ငံအကြား ပြဿနာအမျိုးမျိုးနဲ့ ရင်ဆိုင်တိုက်ခိုက်ခဲ့ကြရပြီး ဧပြီလမှာ ကုန်သွယ်စည်းကြပ်ခွန် နှုန်းထားတွေ အရှိန်အဟုန်မြင့်လာတာနဲ့ တရုတ်လူမှုမီဒီယာပလက်ဖောင်း TikTok ကို အမေရိကန် ရင်းနှီး မြုပ်နှံသူတွေဆီ ရောင်းချခါနီးအထိဖြစ်လာရတာမှာတော့ ပိုလို့ တင်းမာမှုတွေမြင့်တက်လာပါတယ်။
တခြား အမေရိကန်ကုမ္ပဏီ သုံးခုဖြစ်တဲ့ သင်္ဘောတည်ဆောက်သူ Huntington Ingalls Industries၊ အင်ဂျင်နီယာနဲ့ဆောက်လုပ်ရေးမန်နေဂျာ Planate နဲ့ ဝန်ဆောင်မှုပေးတဲ့ Global Dimensions တို့ကို ပို့ကုန်ထိန်းချုပ်မှုစာရင်းမှာ ထည့်သွင်းခဲ့ပြီး စစ်ဘက်နဲ့ အရပ်ဘက်အသုံးပြုဖို့ ဆုံးဖြတ်ထားတဲ့ တရုတ်နိုင်ငံမှ ပစ္စည်းတွေ တင်ပို့မှုမရရှိစေဖို့ တားဆီးခဲ့ပါတယ်။
ဝန်ကြီးဌာနရဲ့သီးခြားထုတ်ပြန်ချက်တစ်ခုအရဆိုရင်လည်း ထိုကုမ္ပဏီသုံးခုဟာ တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ အကျိုးစီးပွားတွေကို ခြိမ်းခြောက်လျက်ရှိတဲ့အတွက် အဆိုပါ အကျိုးစီးပွားတွေကို ကာကွယ်ဖို့နဲ့ “နိုင်ငံတကာ မပြန့်ပွားရေးဆိုင်ရာ တာဝန်ဝတ္တရားများ” ကို ဖြည့်ဆည်းဖို့ သူတို့ကို ခုလို စာရင်းမှာ ထည့်သွင်းဖို့ လိုအပ်ခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။
Economist Intelligence Unit မှ အာရှအတွက် အဓိက စီးပွားရေးပညာရှင် နစ်မာရိုက တရုတ် အစိုးရရဲ့ ခုလိုလုပ်ဆောင်ချက်ဟာ နှစ်ဖက်ခေါင်းဆောင်နှစ်ဦးတွေ့ဆုံဖို့ ဆောင်ရွက်နေချိန်မှာအတော်လေး အဆင်မပြေဖြစ်စေတယ်လို့ ပြောခဲ့ပါတယ်။ သူက ဒီလိုပြုလုပ်တာက ထိပ်သီးဆွေးနွေးပွဲအတွက် ရည်မှန်းထားတဲ့ပန်းတိုင်ကို ပျက်ပြားစေတာ ဒါမှမဟုတ် ရှုတ်ထွေးစေတာ စတဲ့ အန္တရာယ်အကျိုးဆက်တွေရှိတယ်လို့ ပြောခဲ့ပါသေးတယ်။
ဒါပေမယ့် အမေရိကန် ကာကွယ်ရေးကုမ္ပဏီတွေဟာ တရုတ်နိုင်ငံမှာ ကူးသန်းရောင်းဝယ်မှု အနည်းငယ်သာရှိပြီး ထိုင်ဝမ်လက်နက်ရောင်းချမှုနဲ့ ဆက်နွှယ်မှုအပါအဝင် အလားတူပိတ်ဆို့အရေးယူမှုတွေကို အရင်ကလည်း တရုတ်အစိုးရက ချမှတ်ခဲ့ဖူးတာကြောင့်၊ စက်တင်ဘာလ ၂၅ ရက် ပိတ်ဆို့အရေးယူမှု ကြေညာချက်ဟာ တရုတ်အစိုးရရဲ့ တခြားသောအရေးယူမှုလုပ်ငန်းစဉ်တွေကို နှောင့်နှေးဖွယ်မရှိလို့ Marro က ပြောကြားခဲ့သည်။
“ပထမတစ်ချက်က ဒါဟာ နှစ်နိုင်ငံကုန်သွယ်မှု ဒါမှမဟုတ် သံတမန်ဆက်ဆံရေးအတွက် သိပ် သက်ရောက်မှုရှိပုံမပေါ်ပါဘူး။ အဲဒီအစား တရုတ်က ထိုင်ဝမ်အပေါ် သူ့ရဲ့ရပ်တည်ချက်ကို အလေးထားမှုအပေါ်ပြန်လည်အလေးပေးပုံရတယ်” လို့လည်း မာရိုက ပြောခဲ့ပါတယ်။
တရုတ်အစိုးရက အမေရိကန်ကုမ္ပဏီတွေကို သူ့ရဲ့ ဒဏ်ခတ်အရေးယူမှုစာရင်းမှာ ခုလိုပဲ ထည့်သွင်း ခဲ့တာက ထရမ့်ပ်ရဲ့ ကြီးမားတဲ့အခွန်စည်းကြပ်မှု ဖြစ်လာပြီးနောက် လက်တုံ့ပြန်ခဲ့မှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဧပြီလက နောက်ဆုံးဖြစ်ခဲ့ပါသေးတယ်။
အဲဒီလတုန်းက နှစ်နိုင်ငံစလုံးက သွင်းကုန်စည်းကြပ်ခွန်တွေကို အပြန်အလှန်တုံ့ပြန်အရေးယူခဲ့ကြရာမှာ နှစ်ဘက်စလုံးမှာ သွင်းကုန်အခွန်နှုန်းထားတွေက ဂဏန်းသုံးလုံး(ရာဂဏန်းပမာဏ)အထိရောက်ရှိခဲ့ပြီး ကမ္ဘာ့စီးပွားရေးအင်အားအကြီးမားဆုံးနှစ်နိုင်ငံကြားကုန်သွယ်မှုရပ်တန့်လုနီးပါးဖြစ်ခဲ့တဲ့အထိ ကုန်သွယ်ရေးစစ်ပွဲဖြစ်လုနီးနီးအခြေအနေ ဖြစ်ခဲ့ရပါတယ်။ နှစ်နိုင်ငံအကြား ဂျီနီဗာမှာ မေလက ဆွေးနွေးမှုတွေအပြီးမှာတော့ သွင်းကုန်စည်းကြပ်ခွန်အရေးယူမှုတွေကို ယာယီရပ်ဆိုင်းထားကြဖို့ သဘောတူခဲ့ကြပြီး စတော့ဟုမ်းမြို့မှာ နောက်ဆက်တွဲ ညှိနှိုင်းမှုများ ပြုလုပ်အပြီးမှာတော့ ထပ်မံသက်တမ်းတိုးခဲ့ကြတာပါ။
ပြင်သစ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တွေးခေါ်ပညာရှင်အဖွဲ့ Institut Jacques Delors မှ တရုတ်သုတေသီ Sacha Courtial က ထရမ့်ပ်နဲ့ ရှီတို့ ဖုန်းခေါ်ပြောဆိုပြီးနောက် တစ်ပတ်အကြာမှာပဲ ခုလို ဒဏ်ခတ်အရေးယူမှုက ထူးဆန်းတယ်လို့ ဆိုရမှာဖြစ်ပေမယ့် လုပ်ဆောင်မှုရဲ့ရည်ရွယ်ချက်က နှစ်နိုင်ငံဆက်ဆံရေးရဲ့အခြေခံစည်းမျဉ်းအပေါ် တရုတ်အစိုးရရဲ့ရပ်တည်ချက်ကိုရှင်းလင်းစေဖို့ ဖြစ်တယ်လို့ပြော ခဲ့ပါတယ်။
နောက်ဆုံးအနေနဲ့တော့ လေ့လာသုံးသပ်သူအများစုက တရုတ်အစိုးရရဲ့ အမေရိကန်ကုမ္ပဏီတွေကို ဒဏ်ခတ်ပိတ်ဆို့တဲ့ ဒီလုပ်ရပ်က တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲမှာ လက်တုံ့ပြန်မှုမဟုတ်ဘဲ တရုတ်အစိုးရက အမေရိကန်ကို တရုတ်တိုင်ဝမ်အရေးမှာ ပါဝင် စွက်ဖက်မှုမပြုဘဲနေဖို့ သတိပေးတဲ့ မဟာဗျူဟာမြောက် လုပ်ဆောင်ချက်တစ်ခုလို့သာဆိုကြပါတယ်။
Ref- SCMP
