၂၆. ၉. ၂၀၂၅
Written by Nyein Kyaw
ရုရှားနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ အလုပ်သဘောခရီးစဥ် ရောက်ရှိနေသည့် မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ လိုက်ပါသွားခဲ့ကြသော ပြည်ထောင်စုဝန်ကြီးများသည် မော်စကိုမြိုရှိ VDNKh တွင် ယနေ့ ကျင်းပသည့် မျက်နှာစုံညီအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မျက်နှာစုံညီအစည်းအဝေးအား “အရာအားလုံးက Atom ကနေ စတင်တယ်” ဆိုသည့်ခေါင်းစဉ်ဖြင့် ရုရှားနိုင်ငံအဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) ၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev က ဦးဆောင်ကျင်းပခြင်းဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် UMFCCI ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ခြင်းဖြစ်သည်။
ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးများ၏ အတွေ့အကြုံများအား ပြန်လည်ပြောကြားရာတွင် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ယခုဆွေးနွေးမှုများက Atomic Energy မှတစ်ဆင့် ထွက်ရှိလာသည့် စွမ်းအင်များကို လျှပ်စစ်ထုတ်ရန်အပြင် စိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် ကျန်ရှိသည့်အခြားကဏ္ဍများတွင် အသုံးပြုရန် အဓိကဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း၊ နျူကလီးယားစွမ်းအင် အသုံးပြုရန်အတွက် နျူကလီးယားနှင့် ပတ်သက်သည့် လူ့စွမ်းအားအရင်းအမြစ်နှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးအောင် ဆောင်ရွက်ရခြင်းက အဓိကအရေးကြီးကြောင်းအပြင် လုံခြုံရေးဆိုင်ရာများနှင့်လည်း ပတ်သက်ပြီး ဆွေးခဲ့ကြောင်း ပြောကြားသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း မြန်မာနိုင်ငံတွင် နျူကလီးယားနည်းပညာကို အသုံးပြုပြီး ဆေးကုသမှုများ၊ ရောဂါရှာဖွေမှုများ၊ အထူးသဖြင့် ကင်ဆာရောဂါနှင့် ပတ်သက်သည့် ကုသမှုများ ဆောင်ရွက်နေခြင်းဖြစ်၍ အစည်းအဝေး တက်ရောက်ခြင်းဖြင့် ROSATOM မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့အပြီးတွင် မြန်မာနိုင်ငံ၌ ဆေးကုသမှုနှင့် ပတ်သက်ပြီး နျူကလီးယားနည်းပညာကို အသုံးပြုပြီး ဆောင်ရွက်မည့်ကိစ္စရပ်များကို ယခုလက်ရှိအခြေအနေများထက် ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်နိုင်ရန် ဆွေးနွေးနိုင်သည့် အခွင့်အလမ်းများ ရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း နျူကလီးယားနည်းပညာနှင့် ဆေးကုသမှု ဆောင်ရွက်မှုများတွင် လိုအပ်သည့် Isotope များ မြန်မာနိုင်ငံတွင် ထုတ်လုပ်မှုရှိသကဲ့သို့ ပြည်ပနိုင်ငံမှတင်သွင်းနေရသည့် အခြေအနေဖြစ်ခြင်းကြောင့် ပိုမိုအရည်အသွေးမြင့်မားသည့် Isotope များ ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန်နှင့် ပြည်ပမှတင်သွင်းနိုင်မှုတွေကို ဆက်သွယ်နိုင်မှုရရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။
