သတိုး
၂၆. ၉. ၂၀၂၅
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီတည်ထောင်ခွင့်ပြုခြင်း၊ မှတ်ပုံတင်ခွင့်ပြုခြင်းများကို စိစစ်ဆောင်ရွက်ပေးခဲ့ပြီး ၁၈-၈-၂၀၂၅ ရက်စွဲပါ ကြေညာချက်အမှတ် (၅၅ /၂၀၂၅ ) ဖြင့် လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတ်မှတ်ကြေညာပြီးဖြစ်သည်။
နိုင်ငံရေးပါတီများအနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရန် အလို့ငှာ မိမိတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို နိုင်ငံပိုင်ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြချက်များအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့မှ ဒီဇင်ဘာ ၂၆ ရက်နေ့အထိခွင့်ပြုပေးရန် စီစဉ်ထားရှိသည်။
နိုင်ငံရေးပါတီများက နိုင်ငံပိုင်ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြလိုလျှင် သက်ဆိုင်ရာ ပါတီဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးသည် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဟောပြောတင်ပြလိုသည့် စာမူနှင့်အတူ သက်ဆိုင်ရာပါတီမှ ဟောပြောစည်းရုံးမည့် ပုဂ္ဂိုလ်အမည်၊ တာဝန်၊ ဆက်သွယ်ရန် ဖုန်းနံပါတ်တို့ကိုဖော်ပြ၍ ခွင့်ပြုမိန့် လျှောက်ထားရမည်ဖြစ်သည်။
အဆိုပါ ခွင့်ပြုမိန့် လျှောက်ထားသည့် စာမူသည် Pyidaungsu Font Size 13 ဖြင့် (A4) အရွယ်အစား စက္ကူ (၇) မျက်နှာထက် မပိုစေရန်၊ ပါတီ၏ တေးသီချင်းများ (ရုပ်/သံပါ) ထည့်သွင်းလိုပါက သီချင်းခွေ ၂ ခွေနှင့်အတူ သီချင်းစာသားကိုပါ ပေးပို့ရန်၊ နိုင်ငံပိုင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ မဲဆွယ်စည်းရုံးဟောပြောခြင်းမပြုလိုပါက မပြုလိုကြောင်း အကြောင်းကြားစာပေးပို့ရန်လိုအပ်ပြီး နိုင်ငံပိုင်ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောခွင့်ပြုရန် လျှောက်ထားကြသည့် နိုင်ငံရေးပါတီများအား အဆင်ပြေစွာ အလှည့်ကျ ဟောပြောတင်ပြနိုင်စေရန်အတွက် နိုင်ငံရေးပါတီ တစ်ခုချင်းအလိုက် ဟောပြောတင်ပြခွင့်ရရှိသည့် နေ့ရက်နှင့် အချိန်ဇယားကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ညှိနှိုင်းသတ်မှတ်ပေးမည်ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ဟောပြောတင်ပြလိုသည့်စာမူကို စိစစ်ပြီး ခွင့်ပြုမိန့်ထုတ်ပေးခြင်း သို့မဟုတ် ပြန်လည်ပြင်ဆင်ရေးသားစေပြီး ခွင့်ပြုမိန့် ထုတ်ပေးခြင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်သော နေ့ရက်၊ အချိန်ဇယားနှင့်အညီ ခွင့်ပြုသည့် နေ့ရက်၊ အချိန်အပိုင်းအခြားနှင့် ဟောပြောရန် ခွင့်ပြုသည့် ပုဂ္ဂိုလ်၏အမည်ကို ခွင့်ပြုမိန့်တွင် ဖော်ပြပေးခြင်း၊ ပြန်လည်ပြင်ဆင်ရေးသားရန်အတွက် ရိုက်ကူးမည့် နေ့မတိုင်မီ လျှောက်ထားသူထံ အကျိုး အကြောင်းဖော်ပြလျက် အကြောင်းပြန်ကြားပေးခြင်းနှင့် နိုင်ငံပိုင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောရာတွင် နိုင်ငံရေးပါတီ တစ်ခုအား ဟောပြောချိန် ၁၅ မိနစ်အထိ ခွင့်ပြုပေးခြင်း၊ ပါတီ၏တေးသီချင်းများကို ထုတ်လွှင့်လိုပါက ဟောပြောရန် ခွင့်ပြုသည့် သတ်မှတ်ချိန် ၁၅ မိနစ်အတွင်းသာ ထုတ်လွှင့်ခွင့်ပြုခြင်း၊ ဟောပြောစည်းရုံးမှုအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ တိုင်းရင်းသားဘာသာဖြင့်ဖြစ်စေ စည်းရုံးဟောပြောခွင့်ပြုခြင်း (တိုင်းရင်းသားဘာသာဖြင့် ဟောပြောစည်းရုံးမည်ဆိုပါက မြန်မာဘာသာဖြင့်လည်း ပူးတွဲတင်ပြရမည်ဖြစ်သည်)များ ဆောင်ရွက်ပေးမည်ဖြစ်သည်။
နိုင်ငံရေးပါတီများ နိုင်ငံပိုင်ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြရာတွင် ဖောက်ဖျက်ကျူးလွန်ခြင်းမပြုရမည့် တားမြစ်ချက်များအဖြစ်ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့ကို ထိခိုက်စေသည့် ဟောပြောမှုပြုလုပ်ခြင်း၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိခိုက်စေသည့် ဟောပြောမှု ပြုလုပ်ခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာမှုမရှိသော ဟောပြောမှုပြုလုပ်ခြင်း၊ နိုင်ငံတော်အား အကြည်ညိုပျက်စေရန် သို့မဟုတ် ဂုဏ်သိက္ခာထိပါးစေရန် ဟောပြောမှု ပြုလုပ်ခြင်း၊ တပ်မတော်ပြိုကွဲရေးကို ဖြစ်ပေါ်စေရန် သို့မဟုတ် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန် ဟောပြောမှုပြုလုပ်ခြင်း၊လူမျိုးရေး သို့မဟုတ် ဘာသာရေး သို့မဟုတ် လူတစ်ဦးချင်း သို့မဟုတ် လူအများနှင့် ပတ်သက်၍ ပဋိပက္ခဖြစ်ပေါ်စေနိုင်သည့်၊ သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ဟောပြောမှု သို့မဟုတ် စည်းရုံးလှုံ့ဆော်မှု ပြုလုပ်ခြင်း၊ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားမှုပြုသော ဟောပြောမှုပြုလုပ်ခြင်း၊ ငြိမ်းချမ်းစွာ ပညာသင်ကြားရေးကို ထိခိုက်ပျက်ပြားစေရန် သွေးထိုးလှုံ့ဆော်ဟောပြောမှု ပြုလုပ်ခြင်း၊ နိုင်ငံ့ဝန်ထမ်းများအား ယင်းတို့၏ တာဝန်ကို ကျေပွန်စွာမထမ်းဆောင်နိုင်စေရန် သို့မဟုတ် အစိုးရအား ဆန့်ကျင်ဆန္ဒပြစေရန် သွေးထိုးလှုံ့ဆော် ဟောပြောမှုပြုလုပ်ခြင်းများ မလုပ်ဆောင်ရန် ကန့်သတ်ထားပြီး နိုင်ငံရေးပါတီများသည် မိမိတို့၏ မူဝါဒသဘောတရားနှင့်အညီ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော မြန်မာနိုင်ငံတော်ကြီးဖြစ်ပေါ်လာအောင် မည်သို့ဆောင်ရွက်ဖော်ဆောင်မည်ကို ဥပဒေ များနှင့်အညီ မဲဆွယ်စည်းရုံးဟောပြောကြရမည်ဖြစ်သည်။
