၂၆.၉.၂၀၂၅
Written by Hey Mar





ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းထောင့်၊ ကမ်းနားလမ်းပေါ်မှာ စက်တင်ဘာ ၂၅ ရက်နေ့ညအတွင်း ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အမျိုးသား သုံးဦးနဲ့ ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်အကူအညီ ရောက်ရှိခဲ့တဲ့ လူမှုကူညီရေးအသင်းတချို့က မျှဝေအသိပေးထားပါတယ်။
ပထမဖြစ်စဉ်က ည ၈ နာရီ မိနစ်၄၀ ခန့်မှာ ဖြစ်ပွားခဲ့ပြီး ကွန်တိန်နာတွဲကားက ဆိုက်ကားကို ချိတ်ဆွဲချကာတိုက်မှုဖြစ်ပွားတာလို့ အနာဂတ်အလင်းတန်းလူမှုကူညီရေးအသင်းက အသင်းရဲ့ ကူညီမှုကို လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
ဖြစ်စဉ်ကြောင့် ဆိုက်ကားနင်းသူနဲ့ ဆိုက်ကားစီးသူ စုစုပေါင်း နှစ်ဦး ဒဏ်ရာအသီးသီးရရှိခဲ့တယ်လို့ သိရပြီး ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်းကတော့ အဆိုပါလူနာ(၂)ဦးရဲ့ အခြေအနေကို အနီရောင်အဆင့် (ပြင်းထန် စိုးရိမ်ရ) လို့ အသိပေးထားပါတယ်။




အဆိုပါ လူနာနှစ်ဦးကို အနာဂတ်အလင်းတန်းပရဟိတအသင်းနဲ့ ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းတို့မှလူနာတင်ယာဉ်(၂)စီးနဲ့ ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒုတိယဖြစ်စဉ်က ပထမ ဖြစ်စဉ်နေရာနဲ့ သိပ်မဝေးတဲ့ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းပေါ်ရှိ ကမ်းနားဈေးနားမှာ လမ်းလျှောက်နေတဲ့ အမျိုးသားကြီး တစ်ဦးနဲ့ အသက် နှစ်နစ်အရွယ် ကလေးငယ်တစ်ဦးကို လူငယ်တွေမောင်းနှင်လာတဲ့ အိမ်စီးယာဉ်ငယ်က တိုက်မိခဲ့ပြီး ဦးခေါင်းပေါက်ပြဲ ပွန်းပဲ့ ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် ရန်ကုန်ဆေးရုံကြီးဆီ ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်းက ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာတော့ ယာဉ်ပိုင်ရှင်က သက်ဆိုင်ရာနဲ့အတူ ပူးပေါင်းဖြေရှင်းကူညီခဲ့ကြောင်းလည်း သိရပါတယ်။
စက်တင်ဘာ ၂၄ ရက်နေ့ ည ၈ နာရီကျော် အချိန်ကလည်း ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း၊ ဆင်မင်းဈေး မှတ်တိုင်အနီးမှာ လမ်းပေါ်ဖြတ်ပြီး တက်တဲ့ ဆိုက်ကားတစ်စီးကို လမ်းမှန်အတိုင်းမောင်းနှင်လာတဲ့ အိမ်စီးယာဉ်ငယ်က တိုက်မိလို့ ဆိုက်ကားဆရာမှာ ဦးခေါင်းထိခိုက် သတိလစ်ဝေဒနာနဲ့ ကြီးလေးကြီး လူမှုကူညီရေးအသင်းက ဆေးရုံတင်ပို့ ပေးခဲ့ရသလို ယာဉ်ပိုင်ရှင်က ပူးပေါင်းဖြေရှင်းကူညီတာကြောင့် အခုအခါ အဆိုပါ လူနာမှာ အသက်အန္တရာယ်ထိခိုက်မယ့်အရေးကို ဖြတ်ကျော်နိုင်ခဲ့ပြီလို့လည်း သိရပါတယ်။
