◾ မကြာမီကာလအတွင်း လွတ်လပ်ပြီးတရားမျှတ သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး ကျင်းပပြီးစီးပါက ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်ကို လွှဲအပ်သွားမည် ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲ ကျင်းပချိန်တွင် နိုင်ငံတကာမှ လေ့လာရေးအဖွဲ့များကိုလည်း ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတ ပြောကြား
MT News
၂၆. ၉. ၂၀၂၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့ညပိုင်းတွင် မော်စကိုမြို့ ကရင်မလင်နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E.Vladimir Vladimirovich Putin နှင့် တွေ့ဆုံဆွေးနွေးသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌအား ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ် ဆက်ပြီး တွေ့ဆုံဆွေးနွေးသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက် အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူတို့ တက်ရောက်ကြပြီး ရုရှား ဖက်ဒရေးရှင်းနိုင်ငံသမ္မတနှင့်အတူ သမ္မတအုပ်ချုပ်မှုရုံး ဒုတိယ အကြီးအကဲ၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ၏ လက်ထောက်အရာရှိ ဘဏ္ဍာရေး၊ စွမ်းအင်ဝန်ကြီးဌာနတို့မှ ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အစိုးရအဖွဲ့အကြီးအကဲများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin က နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားလုံးကို လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသံတမန်ဆက်ဆံရေးသည် နှစ်ပေါင်း ၇၀ ကျော်ရှိပြီဖြစ်ပြီး အဆွေတော် ရုရှားနိုင်ငံသို့ ရောက်ရှိခဲ့ချိန်များတွင် နှစ်နိုင်ငံ အကြား သဘောတူညီချက်များစွာကိုလည်း ရေးထိုးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ထိုကဲ့သို့ နှစ်နိုင်ငံအစိုးရနှစ်ရပ်အကြားရရှိထားသည့် သဘောတူညီ ချက်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး အသေးစိတ် ဆွေးနွေးသွားမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။



ယင်းနောက် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက လုပ်ငန်းတာဝန်များ မအားလပ်သည့်ကြားမှ အဆွေ တော်နှင့် ယခုကဲ့သို့ ထပ်မံတွေ့ဆုံခွင့်ရရှိသည့်အတွက် အထူးပင်ဝမ်း မြောက်မိပါကြောင်း၊ မြန်မာ ‘ရုရှားနှစ်နိုင်ငံ သံတမန်ဆက်ဆံရေးသည် နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား စစ်ဘက်သံတမန်ဆက်ဆံရေးသည်လည်း ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို အတူတကွ လက်တွဲဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတိုင်းသည် ၎င်းတို့၏ အချုပ်အခြာအာဏာနှင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးစီးပွားအပေါ်လုံခြုံရေးအရ ထိပါးလာခဲ့ပါက ကာကွယ်ပိုင်ခွင့်ရှိသည်ကို မိမိအနေဖြင့် လက်ခံထားပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိရန်အတွက် ရုရှားနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်ချက်များကိုလည်း မိမိအနေဖြင့် ကြိုဆိုပါကြောင်း၊ မကြာမီကာလအတွင်း လွတ်လပ်ပြီးတရားမျှတ သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး ကျင်းပပြီးစီးပါက ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်ကို လွှဲအပ်သွားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပချိန်တွင် နိုင်ငံတကာမှ လေ့လာရေးအဖွဲ့များကိုလည်း ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း၊ အနာဂတ်ကာလများတွင်လည်း မိမိတို့နှစ်နိုင်ငံနှင့် ပြည်သူများ၏ ဘုံအကျိုးစီးပွားများအတွက် နှစ်နိုင်ငံအကြားကဏ္ဍပေါင်းစုံ ပူးပေါင်း ဆောင်ရွက်ရေးကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ ကျန်းမာ ရေးနှင့် ဆေးဝါးထုတ်လုပ်ရေး ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ပညာသင်ကြားရေးကဏ္ဍ၊ ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက် မှုမြှင့်တင်ရေးကဏ္ဍနှင့် အခြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက် ၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
