၂၄.၉.၂၀၂၅.
translated by Htwe Ko Tun
ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အကြိမ် ၈၀ မြောက်အထွေထွေညီလာခံကို နယူးယော့ခ်မြို့က ကုလသမဂ္ဂ အဆောက်အအုံမှာ စက်တင်ဘာလ ၂၃ ရက်က ကျင်းပခဲ့ရာမှာ အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ် နယ်ဒ် ထရမ့်ပ် က ၅၅ မိနစ်ကြာမိန့်ခွန်းကို တက်ရောက်ပြောကြားခဲ့ပါတယ်။
သမ္မတ ထရမ့်ပ်က သူ့ရဲ့မိန့်ခွန်းမှာ လက်ရှိနိုင်ငံတကာအရေးတွေနဲ့ပတ်သက်လို့ အမေရိကန်အစိုးရရဲ့ ရပ်တည်ချက်၊ သဘောထားတွေကို ထည့်သွင်းပြောကြားခဲ့ရာမှာ ထိုအထဲက အဓိကကျ အရေးကြီးတဲ့ အချက်တွေကိုထုတ်နုတ်ဖော်ပြရပါတယ်။
ပထမဆုံးအနေနဲ့ ထရမ့်ပ်က အမေရိကန်ပြည်ထောင်စုဟာ သမ္မတဟောင်းဂျိုးဘိုင်ဒန်လက်ထက်က လေးနှစ်ခန့် အားနည်းမှု၊ ဥပဒေမဲ့မှုနဲ့ အမြစ်မြေလှန်ပြောင်းလဲပစ်လိုမှုစတဲ့ အခြေအနေတွေအောက်မှာ ဘေးဒုက္ခတွေကြုံခဲ့ရတယ်။ ဒါပေမယ့် သူတာဝန်ယူပြီးနောက် ရှစ်လတာကာလအတွင်း ကမ္ဘာမှာ ဘယ်နိုင်ငံမှလိုက်မမီတဲ့ အရေးအပါဆုံးနိုင်ငံဖြစ်လာခဲ့တယ်။ အမေရိကန်ပြည်ထောင်စုဟာ စီးပွားရေး အင်အားအကောင်းဆုံး၊ နယ်စပ်တွေအခိုင်မာဆုံး၊ စစ်ရေးအင်အားအကောင်းဆုံးနဲ့ အခိုင်မာဆုံးမိတ်ဆွေ အဖြစ်တည်ရှိမှုတို့ ရှိတဲ့နိုင်ငံလည်းဖြစ်လာပြီး ကမ္ဘာပေါ်မှာစိတ်ဓာတ်ရေးရာအခိုင်မာဆုံးနိုင်ငံလည်းဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
ဒါ့ပြင် သူက သမ္မတဟောင်းဂျိုးဘိုင်ဒန်ရဲ့ လေးနှစ်တာကာလမှာ အမေရိကန်ပြည်ထောင်စုကို ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ တစ်ထရီလျံထက်တောင်နည်းခဲ့ပေမယ့် သူ့အစိုးရရဲ့ ရှစ်လတာကာလမှာ ရင်းနှီးမြှုပ်နှံဖို့ ကတိကဝတ်တွေနဲ့အတူ အမေရိကန်ဒေါ်လာ ၁၇ ထရီလျံ ငွေသားတို့ကို ရရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့လေးလအတွင်း နိုင်ငံတောင်ပိုင်းနယ်စပ်ကနေ အမေရိကန်ထဲ တရားမဝင် ဝင်လာသူတွေလည်း လုံးဝမရှိအောင် နှိပ်ကွပ်နိုင်ခဲ့လို့ လွန်ခဲ့တဲ့တစ်နှစ်လောက်က အမေရိကန်ပြည်ထောင်စုကို ကမ္ဘာအရပ်ရပ်က သန်းပေါင်းများစွာခိုးဝင်နေကြတာကို တားဆီးနိုင်ခဲ့ပြီလို့လည်း အထူးပြောခဲ့ပါတယ်။
သမ္မတထရမ့်ပ်က ကမ္ဘာ့အဆင့်မှာဆိုရင်လည်း နေတိုးအဖွဲ့ဝင်တွေက သူတို့ ဂျီဒီပီရဲ့ နှစ်ရာခိုင်နှုန်းကနေ အခုဆို ငါးရာခိုင်နှုန်းအထိ တိုးမြှင့်ထည့်ဝင်ကြဖို့ သူ့ရဲတောင်းဆိုချက်အတိုင်း ကတိပြုခဲ့ကြတာလည်း ပြောခဲ့ပါတယ်။ ဒါက မဟာမိတ်တွေ အင်အားခိုင်မာအောင် အမေရိကန်အစိုးရရဲ့ဆောင်ရွက်နိုင်မှုလို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ ခုနစ်လအတွင်းမှာလည်း အမေရိကန်အစိုးရက လူထောင်ပေါင်းများစွာ သေကြေနေတဲ့စစ်ပွဲ ခုနစ်ပွဲကို ပြီးဆုံးသွားစေနိုင်ခဲ့တယ်။ တကယ်တော့ ကျွန်တော်က ကုလသမဂ္ဂ အဖွဲ့က လုပ်ရမယ့်အလုပ်ကို ဝင်လုပ်နေရတာပဲ။ ကုလသမဂ္ဂအဖွဲ့အနေနဲ့က ဒီစစ်ပွဲတွေထဲက တစ်ခုမှ ပြီးဆုံးအောင်မစွမ်းနိုင်ခဲ့ဘူး။ တစ်ခါမှလည်း ကြိုးစားမှုမပြုခဲ့ဘူး။ ဒီတော့ ကုလသမဂ္ဂက လမ်းတစ်ဝက်မှာရပ်နေတဲ့စက်လှေကားမျိုး ဒါမှမဟုတ် အလုပ်မလုပ်တော့တဲ့ မိန့်ခွန်းပြောရင် ပြောမယ့်စကားတွေပေါ်တဲ့ စကားထောက်ကိရိ ယာမျိုးလိုဖြစ်နေပြီလို့ ကုလသမဂ္ဂအဖွဲ့ကြီးကို တိုက်ခိုက်ပြောကြားခဲ့ပါတယ်။
ထရမ့်ပ်က ဆက်လက်ပြီးတော့ ဟားမားစ်တို့အနေနဲ့ ဂါဇာဒေသမှာ အပစ်အခတ်ရပ်စဲရေးကြိုးပမ်းသမျှကို ပယ်ချနေတယ်။ အခုဆိုရင် ပါလက်စတိုင်းနိုင်ငံအဖြစ် တစ်ဖက်သတ် အသိအမှတ်ပြုလာကြတာက ဂါဇာပဋိပက္ခကို ကြာရှည်အောင် အားပေးရာပဲရောက်မယ်။ ဟားမားစ်တွေအတွက် သူတို့ရဲ့ ရက်စက်မှုတွေကို ဆုချီးမြှင့်သလိုပဲဖြစ်လိမ့်မယ်လို့ အလေးထားပြောခဲ့ပါတယ်။
ဒါ့ပြင် ထရမ့်ပ်က သူ့ ရဲ့ပြောနေကြအတိုင်းပဲ ဥရောပနိုင်ငံတွေအနေနဲ့ ရုရှားဆီက ဓာတ်ငွေ့ဝယ်ယူမှုကို ရပ်ဆိုင်းကြဖို့ပြောခဲ့ပါသေးတယ်။
ဇီဝလက်နက်တွေအသုံးပြုမှုကို နိုင်ငံတိုင်းက အဆုံးသတ်ကြဖို့နဲ့ နျူကလီယားလက်နက်တွေကိုလည်း တိုးတက်ဖွံ့ဖြိုးအောင်လုပ်နေကြတာကို ရပ်နားကြဖို့ ထရမ့်ပ်က မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒီမှာ ထရမ့်ပ်က ကုလသမဂ္ဂဟာ လုပ်သင့်လုပ်ထိုက်တာတွေကို မလုပ်ရုံတင်မကဘူး။ မကြာခဏ ဆိုသလိုပဲ ကျွန်တော်တို့အတွက်ထပ်မံဖြေရှင်းရဖို့ ပြဿနာတွေကို ဖန်တီးနေတယ်လို့ ဝေဖန်စကားဆိုခဲ့ပါတယ်။ သူက ကုလသမဂ္ဂဟာ အမေရိကန်ပြည်ထောင်စုကို တရားမဝင်ပြောင်းရွှေ့နေထိုင်သူတွေ အတွက် ငွေကြေးအထောက်အပံ့တွေပေးနေခဲ့တယ်လို့ ပြောသွားပြန်ပါတယ်။
သူက ဥရောပတိုက်ဟာဆိုရင် အခုဆို ရွှေ့ပြောင်းနေထိုင်သူတွေကြောင့် အကြီးအကျယ် ပြဿနာတွေ ဖြစ်နေရပြီ၊ နိုင်ငံတွေအနေနဲ့ အယူဝါဒ၊ ကိုးကွယ်မှုနဲ့ ဒီပြင်အရာတွေပါ ကွဲပြားခြားနားသူတွေကို ရွှေ့ ပြောင်းနေထိုင်ခွင့်ပေးတာကိုတားဆီးရတော့မယ်လို့ ဆိုခဲ့ပါတယ်။
နောက်ဆုံးအနေနဲ့တော့ ထရမ့်ပ်က ရာသီဥတုပြောင်းလဲမှု ဆိုကာ ကာဘွန်ထုတ်လွှတ်မှုလျှော့ချရေး ဆောင်ရွက်မှုတွေကို မမှန်ကန်လိမ်ညာတဲ့ လုပ်ဆောင်မှုအဖြစ် ပြောသွားခဲ့ပါတယ်။
Ref- Times of Israel
