၂၄.၉.၂၀၂၅.
Translated by Htwe Ko Tun




စူပါတိုင်ဖွန်းအဆင့်ထိ ရောက်ရှိပြင်းထန်ခဲ့တဲ့ ရာဂါဆာက စက်တင်ဘာလ ၂၄ ရက် နံနက်အစောပိုင်း နာရီတွေမှာ ဟောင်ကောင်ကျွန်း တောင်ဘက်ပင်လယ်ပြင်အတိုင်း ရွေ့လျားလာခဲ့ပြီးတဲ့နောက် စက်တင်ဘာလ ၂၄ ရက် ညနေပိုင်း ဒေသစံတော်ချိန် ၆ နာရီခွဲခန့်မှာတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ တောင်ပိုင်းပြည်နယ်တစ်ခုဖြစ်တဲ့ ကွမ်တုံးပြည်နယ်ကို ဖြတ်ကာ တစ်နာရီလေတိုက်နှုန်း မိုင် ၁၁၀ ရှိ တိုင်ဖွန်းမုန်တိုင်းအနေနဲ့ ကုန်းတွင်းဝင်ရောက်မှာပါ။
ကွမ်တုံးပြည်နယ်မှာတော့ ဒေသခံပြည်သူ ၃၇၀,၀၀၀ ကျော်ကို အာဏာပိုင်တွေက ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးနေကြပါတယ်။ ကျောင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ပိတ်ထားရပါတယ်။
ရာဂါဆာက စက်တင်ဘာလ ၂၂ ရက်မှာ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း ပင်လယ်ပြင်အတွင်းကနေ တစ်နာရီကိုလေတိုက်နှုန်း မိုင် ၁၆၀ ရှိ စူပါမုန်တိုင်းအနေနဲ့ ဖြတ်သန်းသွားခဲ့မှုက နိုင်ငံမြောက်ပိုင်း လူဇုန်ကျွန်းနေ ပြည်သူ ၇၀၀,၀၀၀ နီးပါးကို သက်ရောက်မှုရှိခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံအတွင်း အနည်းဆုံးလူလေးဦး သေဆုံးခဲ့ရပါတယ်။
တိုင်ဝမ်ကျွန်းမှာတော့ အရှေ့ပိုင်း ဟောလီယန်ခရိုင်အတွင်း ဂွန်ဖူးမြို့မှာ ရေကန်တစ်ခုရဲ့ ကမ်းပါးတွေ ကျိုးပေါက်ပြိုကျပြီး အကြီးအကျယ်ရေလွှမ်းမိုးမှုဖြစ်ကာ အနည်းဆုံး လူ ၁၄ ဦးသေဆုံးပြီး လူ ၁၈ ဦး ဒဏ်ရာရကာ လူ ၁၂၉ ဦး ပျောက်ဆုံးနေရပါတယ်။
ရာဂါဆာက စက်တင်ဘာလ ၂၄ ရက်နံနက်အစောပိုင်းမှာတော့ ဟောင်ကောင်ကျွန်းတောင်ဘက် ကီလိုမီတာ ၁၀၀( ၆၂ မိုင် ခန့်) အကွာ အနီးဆုံးအနေအထားကိုရောက်ခဲ့ပါတယ်။ လူ ၇၃၀ ကျော်ကလည်း ဟောင်ကောင်ကျွန်းအနှံ့ ယာယီဒုက္ခသည်များတည်းခိုရာ ၄၈ နေရာမှာ ရောက်ရှိနေကြတယ်လို့ သိရပါတယ်။
ရာဂါဆာက ကုန်းတွင်းဝင်ရောက်ပြီးနောက် အားလျော့သွားပေမယ့် အနောက်ဘက်ကို ဆက်လက်ရွေ့လျားကာ မုန်တိုင်းအကြွင်းအကျန်တွေက စက်တင်ဘာလ ၂၇ ရက် စနေနေ့ နံနက်ပိုင်းမှာ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အထိ ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
Ref- The Guardian
