◾ တရုတ်၏ အဆင့်မြင့်နည်းပညာသုံးလက်နက်များကို ပါကစ္စတန်က ပေါင်းစည်း အသုံးပြုလို
သက်တန့်
၂၄. ၉. ၂၀၂၅
ပါကစ္စတန်သည် တရုတ်လေဆာလက်နက်များကို အသုံးပြုခွင့်ရနိုင်ရန် စိတ်ဝင်စားနေကြောင်း ပါကစ္စတန်ရေတပ်တွင် ၄၁ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစား ဒုတိယ ရေတပ်ဦးစီးချုပ် Ahmed Saeed က ဖွင့်ဟလိုက်သည်။
”အနာဂတ်မှာ စွမ်းအင်မြင့်လေဆာလက်နက်တွေက ပိုပြီးတော့ အရေးပါလာပါလိမ့်မယ်။ ကမ္ဘာကြီးက ဒီနည်းပညာအပြောင်းအလဲဆီကို ဦးတည်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီကဏ္ဍမှာ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပါကစ္စတန်က မြင်တွေ့လိုပါတယ်” ဟု အမျိုးသား ရေကြောင်းရေးရာ အင်စတီကျု၏ ဥက္ကဋ္ဌလည်း ဖြစ်သည့် Ahmed Saeed က သောကြာနေ့က ပေကျင်းတွင် ကျင်းပသည့် Xiangshan ဖိုရမ်အပြီးတွင် ပြောကြားခဲ့သည်။
ဒုတိယကမ္ဘာစစ်တွင် ဂျပန်အပေါ် အောင်ပွဲခံသည့် နှစ် ၈၀ ပြည့် နှစ်ပတ်လည်အခမ်းအနား စစ်ရေးပြပွဲတွင် ပြသခဲ့သည့် လက်နက်များအနက် တရုတ်နိုင်ငံက LY-1 လေဆာလက်နက်လည်း ပါဝင်ပြသခဲ့ကာ ထိုလေဆာလက်နက်ကို သင်္ဘောပေါ် တပ်ဆင်ထားသည်ဟု သိရသည်။
အဆိုပါလက်နက်သည် ရိုးရာကျည်ဆန်များအစား လေဆာ သို့မဟုတ် မိုက်ခရိုဝေ့ဖ်များကို အသုံးပြု၍ မောင်းသူမဲ့လေယာဉ်များကို ပစ်ချရန်၊ အာရုံခံကိရိယာများကို အလုပ်မလုပ်နိုင်ရန် သို့မဟုတ် အီလက်ထရောနစ်ပစ္စည်းများကို ဖျက်ဆီးရန် ဒီဇိုင်းထုတ်ထားသည်။
ပေကျင်းက လေဆာလက်နက်များသည် လက်ရှိတွင် အသုံးပြုနေပြီဟု ပြောကြားခဲ့သော်လည်း ၎င်းတို့တပ်ဆင်ထားသည့် သင်္ဘောများကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
အဆိုပါ တရုတ်၏လေဆာလက်နက်ကို Arleigh Burke-class ဖျက်သင်္ဘော USS Preble တွင် တပ်ဆင်ထားသည့် အမေရိကန်၏ High-Energy Laser with Integrated Optical Dazzler and Surveillance (HELIOS) လေဆာလက်နက်စနစ်ကို တရုတ်က ပြန်လည်တုံ့ပြန်သည့် လက်နက်အဖြစ် ရှုမြင်ကြသည်။
HELIOS (High-Energy Laser with Integrated Optical Dazzler and Surveillance) စနစ်သည် အမေရိကန်ရေတပ်အတွက် အလွန်အသုံးဝင်သည့် လက်နက်တစ်ခု ဖြစ်ပြီး ကီလိုဝပ် ၆၀ စွမ်းအားဖြင့် တည်ဆောက်ထားကာ ရန်သူ့ဒရုန်းများ၊ အရှိန်မြင့်တိုက်ခိုက်ရေးယာဉ်ငယ်များနှင့် မစ်ဇိုင်းများကို တိုက်ခိုက်ရန် ရည်ရွယ်သည်။ အနာဂတ်တွင် ကီလိုဝပ် ၁၂၀ အထိ စွမ်းအင်တိုးမြှင့်နိုင်ဖို့လည်း ဒီဇိုင်းထုတ်ထားပြီး ရန်သူ၏ အာရုံခံကိရိယာများကို မျက်စိလည်စေနိုင်သည့် Optical dazzler နှင့် ရေရှည်စောင့်ကြည့်ရေး (Surveillance) အတွက်လည်း အသုံးပြုနိုင်သည်။ HELIOS သည် လေဆာ၏အပူစွမ်းအင်နှင့် ပစ်မှတ်ကို ရုပ်ပိုင်းဆိုင်ရာ ဖျက်ဆီးပစ်ခြင်းဖြင့် တိုက်ခိုက်ပြီး ဥပမာအားဖြင့် ဒရုန်းတစ်စင်းကို မီးလောင် ပျက်စီးသွားအောင် တိုက်ခိုက်နိုင်မှု Hard Skill နှင့် Soft Kill အဖြစ် ပစ်မှတ်၏ အီလက်ထရောနစ်ပစ္စည်းများကို ဖျက်ဆီးကာ အလုပ်မလုပ်နိုင်အောင် လုပ်ဆောင်နိုင်မှုပါဝင်သည်။
ထို့အပြင် HELIOS ၏ အားသာချက်များမှာ သမားရိုးကျ ဒုံးကျည်များကဲ့သို့ တစ်ခါသုံးမဟုတ်ဘဲ လေဆာရောင်ခြည်ကိုသာ ထုတ်လွှင့်ခြင်းဖြစ်၍ တစ်ကြိမ်ပစ်ခတ်မှုအတွက် ကုန်ကျစရိတ် အလွန်နည်းသလို သင်္ဘော၏ လျှပ်စစ်စနစ်ကို အသုံးပြုခြင်းဖြစ်၍ လျှပ်စစ်ဓာတ်အားနှင့် အအေးပေးနိုင်သရွေ့ အကြိမ်ကြိမ်အခါခါ ပစ်ခတ်နိုင်သည်။ ထို့အပြင် အလင်း၏ အမြန်နှုန်းနှင့် တိုက်ခိုက်၍ ပစ်မှတ်ကို ချက်ချင်းထိမှန်စေသလို လေဆာရောင်ခြည်သည် တိကျသည့် ပစ်မှတ်ကို ထိမှန်စေနိုင်သည်။ ၂၀၂၄ ခုနှစ်အတွင်း USS Preble ဖျက်သင်္ဘောပေါ် HELIOS စနစ်ကို တပ်ဆင်စမ်းသပ်ခဲ့ပြီး မောင်းသူမဲ့လေယာဉ်တစ်စင်းကို အောင်မြင်စွာ ပစ်ချနိုင်ခဲ့ကာ အဆိုပါစမ်းသပ်မှုက လက်တွေ့ကမ္ဘာ၌ HELIOS ၏ စွမ်းဆောင်ရည်ကို သက်သေပြခဲ့သလို လက်ရှိတွင် အမေရိကန်က Arleigh Burke-class ဖျက်သင်္ဘောများတွင် HELIOS လေဆာလက်နက် ထည့်သွင်းရန် စီစဉ်နေသည်။
Ref, SCMP
