“ကလေးငယ်မှာ ဆေးရုံတွင် လက်ရှိ ကုသနေရဆဲဖြစ်နေ”
၂၂. ၉. ၂၀၂၅
Written By Min Thet
ရန်ကုန်မြို့လယ်တွင် နေ့ခင်းကြောင်တောင် အသက် ၄ နှစ်ခန့်အရွယ် သမီးငယ်အား သက်ငယ်မုဒိမ်းပြုကျင့် စွန့်ပစ်ထားခဲ့သူကို သင်္ဃန်းကျွန်းမြို့နယ်အတွင်း ဖမ်းမိထားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူက MT News ကို အတည်ပြု ပြောကြားသည်။

“မနေ့က ည ၇ နာရီလောက်က တရားခံပြေးကို
သင်္ဃန်းကျွန်းမှာ မိတယ်လို့ ပြောပါတယ်။ အဲဒီအကြောင်းကို ကျွန်တော်တို့က မှတ်တမ်းရေးတင်ထားပါတယ်။ လတ်တလောတော့ ရဲအရေးပိုင်တာကြောင့် ဘယ်လိုတွေ စစ်ဆေးနေတယ်ဆိုတာ တိတိကျကျ သိဖို့ ခက်ပါတယ်။ လက်ရှိကတော့ ကလေးက ရန်ကုန်ကလေးဆေးရုံကြီး (ဟယ်လ်ပင်) မှာ ၅ ရက်လောက်တော့ စောင့်ကြည့်ကုသနေရတဲ့ အနေအထား ရှိပါတယ်။ ကလေးမိသားစုက ပုစွန်တောင်၊ သီတာဆိပ်ကပါ။ နွမ်းပါးတဲ့ မိသားစု ဖြစ်ပါတယ်”ဟု ယင်းက ပြောသည်။
ထိုဖြစ်စဥ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက် မွန်းလွဲ ၂ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊မြို့တွင်းမြို့နယ် ဗိုလ်တထောင်မြို့နယ်၊ (၉) ရပ်ကွက် (၄၈) လမ်းတွင် အသက် ၄ နှစ်ခန့်အရွယ် မိန်းကလေးငယ်တစ်ဦးအား အသက်ရှင်လျက် စွန့်ပစ်ထားကြောင်း ပတ်ဝန်းကျင်က သတင်းပေးခဲ့ကြောင်း သိရသည်။
ယင်းကြောင့် သက်ဆိုင်ရာနှင့် လူမှုကူညီရေးအဖွဲ့များက သွားရောက်ကြည့်ရှုခဲ့ရာ ဆေးပညာရပ်ဆိုင်ရာ စစ်ဆေးရန်လိုအပ်သောကြောင့် မြို့နယ်ကျန်းမာရေးဆရာဝန်များဖြင့် ထပ်မံ စစ်ဆေးရာ သက်ငယ်မုဒိမ်းပြု ကျင့်ခံထားရကြောင်း အတည်ပြု ပြောကြားခဲ့သည့်အတွက် ရန်ကုန်ကလေးဆေးရုံကြီး (ဟယ်လ်ပင်) သို့ ကုသရန် တင်ထားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
