၂၂. ၉. ၂၀၂၅
Translated by Thettant
အီရန်နှင့် ရုရှားတို့အကြား နှစ်နိုင်ငံသဘောတူညီချက်အရ အီရန်နိုင်ငံတွင်နျူကလီးယားဓာတ်အားပေးစက်ရုံ ယူနစ်အသစ်များ တည်ဆောက်ရန်အတွက် လာမည့်ရက်ပိုင်းအတွင်း သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း အီရန်ဒုတိယသမ္မတနှင့် အီရန်အဏုမြူစွမ်းအင်အဖွဲ့အစည်း (AEOI) အကြီးအကဲဖြစ်သူ မိုဟာမက် အက်စ်လာမီက ကြေညာခဲ့သည်။

”အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံနဲ့ ရုရှားဖက်ဒရေးရှင်းတို့ဟာ လာမယ့်ရက်ပိုင်းအတွင်း နျူကလီးယားဓာတ်အားပေးစက်ရုံ ယူနစ်အသစ်တွေ တည်ဆောက်ဖို့ သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးကြမှာ ဖြစ်ပါတယ်။ နိုင်ငံအချင်းချင်း သဘောတူညီချက်အရ ရုရှားဟာ နျူကလီးယားဓာတ်အားပေးစက်ရုံ ယူနစ် ၈ ခုကို တည်ဆောက်ပေးမှာဖြစ်ပြီး၊ အဲဒီထဲမှာ ၄ ခုကတော့ ဘူရှဟ်ယာမှာ သတ်မှတ်ထားပါတယ်” ဟု ၎င်းက IRNA သတင်းဌာနကို ပြောကြားခဲ့ကြောင်း ကိုးကားဖော်ပြထားသည်။
အက်စ်လာမီ၏ ပြောကြားချက်အရ နှစ်နိုင်ငံသဘောတူညီချက်၏ ဒုတိယအပိုင်းကို အကောင်အထည်ဖော်ရန် ပြင်ဆင်မှုများ ပြီးစီးပြီဖြစ်သည်။ အထူးသဖြင့် စွမ်းအင်ယူနစ်အသစ်များ တည်ဆောက်မည့်နေရာကို ရွေးချယ်ပြီး လိုအပ်သည့် စက်ပစ္စည်းများအားလုံး အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်သည်။
”အရင်တုန်းကလည်း စွမ်းအင်ယူနစ်အသစ်တွေအတွက် သတ်မှတ်ထားတဲ့ ဆောက်လုပ်ရေးနေရာတွေကို စစ်ဆေးခဲ့ပြီးပါပြီ။ စာချုပ်ညှိနှိုင်းမှုတွေလည်း ပြုလုပ်ခဲ့ပြီးပါပြီ။ ဒီသီတင်းပတ်အတွင်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးတာနဲ့ ဒီဇိုင်း၊ အင်ဂျင်နီယာနဲ့ တခြားလုပ်ငန်းတွေ စတင်ဖို့အတွက် အလိုအလျောက် ခြေလှမ်းတစ်လှမ်း လှမ်းနိုင်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။
အီရန်နိုင်ငံတောင်ပိုင်းရှိ ဘူရှဟ်ယာမြို့အနီး နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ရေးကို ၁၉၇၅ ခုနှစ်တွင် အနောက်ဂျာမနီက စတင်ခဲ့သော်လည်း ၁၉၇၉ ခုနှစ်တွင် အစ္စလာမ္မစ်တော်လှန်ရေးဖြစ်ပွားပြီးနောက် ရပ်ဆိုင်းခဲ့သည်။
၁၉၉၂ ခုနှစ်တွင် ရုရှားနှင့် အီရန်တို့သည် ဆောက်လုပ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် ပထမဆုံးစွမ်းအင်ယူနစ်ကို မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ခဲ့ပြီး ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် အီရန်သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် ဒုတိယနှင့် တတိယစွမ်းအင်ယူနစ်များအတွက် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး၊ ယူနစ်တစ်ခုစီတွင် VVER-1000 ဓာတ်ပေါင်းဖိုများ ပါဝင်မည်ဖြစ်သည်။ ဒုတိယယူနစ်ကို ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် စတင်တည်ဆောက်ခဲ့ပြီး၊ တတိယယူနစ်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့ကာ ၂၀၂၅ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်တို့တွင် အသီးသီး လုပ်ငန်းလည်ပတ်နိုင်ရန် စီစဉ်ထားသည်။
Ref, Tass
