ဖြိုးဝေ
၂၂. ၉. ၂၀၂၅
မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းတွေကို လုပ်ကိုင်ခွင့်၊အသုံးပြုခွင့် လျှောက်ထားသူတွေဟာ အမှန်တကယ်လုပ်ကိုင်နိုင်တဲ့ မြေပမာဏကိုသာ လျှောက်ထားပြီး လုပ်ကိုင်နိုင်မှုအရ ထပ်မံတိုးချဲ့လျှောက်ထားနိုင်တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပြောကြားလာတဲ့ ဒီတစ်ပတ်မှာ ဒီလို မြေလျှောက်ထားနိုင်မှုက ကမ္ဘာပေါ် မြေစျေးအကြီးဆုံးဖြစ်လာနေတဲ့ မြန်မာမြေစျေးကို နောက်အစိုးရလက်ထက်မှာ ဘယ်လိုအစီအမံနဲ့ ပြန်ချနိုင်မလဲဆိုတာ တွေးဆစရာဖြစ်ခဲ့ရသလို ပြည်တွင်းမှာ စပါးနဲ့ ဆန်ဈေးနှုန်းတွေ ကျဆင်းနေလို့ ဒီဘဏ္ဍာနှစ် အောက်တိုဘာကစ လစဉ်ဆန်တန်ချိန် သုံးသိန်းအထိ တင်ပို့သွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က ထုတ်ပြန်လာတာကိုလည်း တွေ့မြင်ရပါတယ်။
အခြားတစ်ဖက်မှာလည်း မြိတ်မြို့မှာ အပြည်ပြည်ဆိုင်ရာငါးလေလံဈေး တည်ဆောက်ပေးမှာဖြစ်ပြီး မြေနေရာအတွက်လည်း မူဝါဒချမှတ်ပေးထားပြီးဖြစ်တယ်လို့ ယာယီသမ္မတ ပြောကြားလာတာ၊ မြန်မာ-အိန္ဒိယ နှစ်ဖက်အကျိုးဖြစ်ထွန်းစေမယ့် ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြားလာတာ၊ စားသုံးဆီတင်သွင်းမှု လျော့ကျစေဖို့နဲ့ ပြည်တွင်းစားသုံးဆီဖူလုံရေး အကောင်အထည် ဖော်ဖို့ ကျပ်ဘီလျံ ၅၀ မတည်ပေးခဲ့ပြီး လက်ရှိအချိန်အထိ ချေးငွေထုတ်ချေးပေးနေတယ်ဆိုတာ၊ ဗဟိုဘဏ်ကနေ စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် ဒေါ်လာ ၂၅ သန်း ထပ်မံထုတ်ရောင်းပေးမှာဖြစ်လို့ ဒီဘဏ္ဍာနှစ် ငါးလခွဲကျော်အတွင်း ဒေါ်လာသန်း ၆၆၀ ကျော် ထုတ်ရောင်းပေးထားတယ်ဆိုတာ၊ ရန်ကုန်-ကော့သောင်း-ရနောင်းနဲ့ ရနောင်း-ကော့သောင်း-ရန်ကုန်ကို ကမ်းရိုးတန်းဆိပ်ကမ်းကနေ ကွန်တိန်နာစနစ်နဲ့ ဆောင်ရွက်ရမယ်ဆိုတာတွေအပြင် ပြည်သူတွေရဲ့ သတင်းပေးပို့မှုကြောင့် သြဂုတ်လအတွင်း တရားမဝင်ကုန်စည်တွေ ကျပ် ၄ ဘီလျံခွဲကျော်ဖိုး ဖမ်းမိမှုမှာ လက်နက်တွေပါ ဖမ်းမိခဲ့သလို သတင်းပေးပြည်သူတွေကိုလည်း ကျပ်တစ်ဘီလျံနီးပါး ဆုချီးမြှင့်မယ်ဆိုတဲ့ဖြစ်စဉ်တွေ ရှိခဲ့ပေမယ့် ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ သယံဇာတ ခိုးထုတ်လို့ရနိုင်တဲ့နေရာတွေ ပစ်မှတ်ထားနေတာ သိသာစေတဲ့ KIA နဲ့ NUG ရဲ့ ဗန်းမောက်မြို့သိမ်းပွဲနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို AA က မူးယစ်ဆေးဖြန့်နေကြောင်း ဖွင့်ချရှင်းလင်းလိုက်တဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) အကြောင်းတွေကို သုံးသပ်ချင်ပါတယ်။
◾️ သယံဇာတ ခိုးထုတ်လို့ရနိုင်တဲ့နေရာတွေ ပစ်မှတ်ထား သိမ်းယူနေတာ သိသာစေတဲ့ KIA နဲ့ NUG ရဲ့ ဗန်းမောက်မြို့သိမ်းပွဲ

NUG ရဲ့ PDF လက်နက်ကိုင်တွေ၊ KIA အပါအဝင် EAOs တွေဟာ မြေရှားခိုးထုတ်လို့ရတဲ့နေရာ၊ သစ်ခိုးထုတ်လို့ရတဲ့နေရာ၊ ကျောက်စိမ်း၊ ပတ္တမြား ခိုးထုတ်လို့ရတဲ့နေရာ၊ ရွှေခိုးထုတ်လို့ရတဲ့နေရာ၊ ရေနံခိုးထုတ်လို့ရတဲ့နေရာတွေကို အဓိကထားပြီး လိုက်သိမ်းနေတာကို ဒီနှစ်ပိုင်းတွေထဲမှာ တိတိပပမြင်လာရသလို အခုလည်း ရွှေလုပ်ကွက်တွေ ရှိပြီး ရွှေထွက်တဲ့ ဗန်းမောက်မြို့ကို KIA နဲ့ NUG နဲ့ PDF တွေက သိမ်းလိုက်ပြီလို့ ဒီနေ့မှာ အတည်ပြုထုတ်ပြန်လာတာ တွေ့ရပါတယ်။
နွေဦးတော်လှန်ရေးကို အောင်မြင်မယ်ထင်ပြီး လူထုက အလှူငွေတွေ ဝိုင်းလှူကြပေမယ့်လည်း ဒီအလှူငွေတွေဟာ NUG ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ PDF ထောက်ပို့တွေ ပြည်ပမှာ ဘ၀အခြေချ၊ အိမ်ဝယ်၊ ဝိုင်းဝယ်၊ လုပ်ငန်းတွေတည်ထောင်ပြီး စည်းစိမ်ခံဖို့ ခိုးနေကြတာကို လူထုက သိရှိလာလို့ မလှူကြတော့တဲ့အခြေအနေမှာ တော်လှန်ရေးရန်ပုံငွေရဖို့ဟာ လူထုကို ဆက်ကြေးကောက်တာ၊ ပြန်ပေးဆွဲတာနဲ့ သယံဇာတခိုးထုတ်ရောင်းတာက အဓိက နေရာဖြစ်လာတာ မြင်ရပါတယ်။ ဒီလို နိုင်ငံကို အကျိုးမပြုဘဲ သတ်ဖြတ်လုယက်တဲ့ နေရာမှာ အသုံးချခံနေရတဲ့ သယံဇာတရငွေတွေဟာ နှမြောစရာကောင်းလှသလို PDF အချင်းချင်းလည်း သယံဇာတခိုးထုတ်မှုမှာ ဦးသူက သတ်နေကြပါသေးတယ်။ ဒါတွေအပြင် တစ်ဖက်မှာလည်း စဉ့်ကူးလို ရွှေထွက်တဲ့ဒေသကို သိမ်းထားတဲ့ မန္တလေး PDF နဲ့ TNLA ဟာ နေ့စဉ် ရွှေပိဿာချီ တူးယူရရှိနေပြီး ခွဲယူနေကြလို့ စဉ့်ကူးမြို့ခံတွေဟာ ကိုယ့်အိမ်ကိုယ် ပြန်နေခွင့်မရတော့အောင် အခြေအနေဆိုးနေတာမို့ မြေကျန်ရင်ရပြီဆိုတဲ့ ပြည်သူတွေရဲ့ နောင်တသံတွေကလည်း နားမဆန့်အောင်ပါ။ ဒါ့အပြင် စဉ်ကူးကို ဒီလိုမျိုး မန္တလေး PDF နဲ့ TNLA ပဲ လက်ဝါးကြီးအုပ် ရွှေခိုးထုတ်နေတာကြောင့် အခြားရွှေထွက်ရာ ဗန်းမောက်ကို KIA နဲ့ NUG၊ PDF တွေက လက်ဦးမှုယူ သိမ်းလိုက်တဲ့အသွင်လည်း ဗန်းမောက်မြို့သိမ်းပွဲမှာ မြင်ရပြန်ပါသေးတယ်။
ဒီနှစ်ပိုင်းထဲမှာ တပ်မတော်ဟာ သယံဇာတတွေကို အကြမ်းဖက်လက်နက်ကိုင်တွေ ထိန်းချုပ်ထားတာက စစ်ပွဲတွေကို ကြာရှည်စေမယ့် ရင်းမြစ်ဖြစ်လို့ တိုက်ခိုက်တော့မယ်လို့ ကြေညာခဲ့ပြီး သယံဇာတခိုးထုတ်ခံနေရတဲ့ မြိုင်၊ ပေါက်၊ မော်ချီး၊ ဖားကန့်၊ မိုးကုတ် စတဲ့နေရာတွေကို ပြင်းပြင်းထန်ထန်တိုက်ခိုက်လာတာ တွေ့ရပါတယ်။ ဒါ့အပြင် မိုးဗြဲ၊ နောင်ချို၊ သပိတ်ကျင်းမြို့တွေ ပြန်သိမ်းယူထားပြီး ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းပေါ်က KNU နဲ့ PDF တွေ၊ ဗန်းမော်က KIA၊ AA နဲ့ PDF တွေကို ရှင်းလင်းလို့ အောင်ပွဲတွေ ရယူထားနိုင်ပေမယ့် တစ်ဖက်မှာလည်း ချီဗွေလို မြေရှားထွက်တဲ့နေရာတွေ၊ မိုးကုတ်၊ ဖားကန့်လိုနေရာတွေကိုတော့ ယတိပြတ်သိမ်းနိုင်ဖို့ ကြိုးပမ်းဆဲအခြေအနေမှာ ဗန်းမောက်လို ရွှေထွက်ရာနေရာတစ်ခုက ထပ်ပါသွားပြန်တာပါ။ ဗန်းမောက်ဟာ KIA ရဲ့ မုဒိမ်းကျင့်၊ သတ်ဖြတ်၊ လုယက်မှုကို နှစ် ၆၀ ကျော် ရင်စည်းခံခဲ့ရတဲ့ ရှမ်းနီတွေရဲ့ နယ်မြေဖြစ်ပြီး လက်ရှိအချိန်မှာ ဗန်းမောက်ကို KIA နဲ့ PDF က အင်အား ၁၀၀၀ ကျော်နဲ့ အတင်းဝင်တိုက်လို့ ၂၀၀ လောက်ပဲရှိတဲ့ ရှမ်းနီ SNA က အသေခံမတိုက်ဘဲ ယာယီဆုတ်ပေးထားရတဲ့အခြေအနေလို့ မြင်ရသလို ဗန်းမောက်က ရှမ်းနီပြည်သူတွေကလည်း သူတို့ကို နှစ် ၆၀ ကျော် သတ်ဖြတ်လုယက်မုဒိမ်းကျင့်ခဲ့တဲ့ KIA နဲ့ PDF တွေကို မယုံကြည်ဘဲ SNA နောက် လိုက်ပါသွားတယ်လို့သိရတာကြောင့် ဗန်းမောက်ပြည်သူတွေဟာ သူတို့ပိုင်နေအိမ်တွေကို KIA နဲ့ PDF တွေ ဖောက်ထွင်းလုယက် မီးရှို့ဖျက်ဆီးမှာကိုလည်း စိုးထိတ်နေရတဲ့အခြေအနေပါ။ သေချာတာကတော့ ဒေါ်လာဘီလျံချီ ရှာနိုင်နေတဲ့ သယံဇာတတွေကို ဖင်ခုထိုင်နိုင်ဖို့ EAOs၊ NUG နဲ့ PDF တွေ ကြိုးပမ်းနေတာကို ဖြစ်တဲ့နည်းနဲ့ တားဆီးရပါလိမ့်မယ်။ သယံဇာတကို ဖင်ခုထိုင် ခိုးထုတ်နေနိုင်သရွေ့ စစ်မီးငြိမ်းမှာ မဟုတ်လို့ မြို့ပြန်သိမ်းဖို့ ဦးစားပေးစာရင်းမှာ သယံဇာတထွက်ရာနေရာတွေကို ဦးစားပေးသင့်ပြီး ပြန်မသိမ်းနိုင်သေးရင်လည်း ထိရောက်တဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ သယံဇာတခိုးထုတ်ရာနေရာတွေ ပြင်းပြင်းထန်ထန် ချေမှုန်းပြနိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
◾️ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို AA က မူးယစ်ဆေးဖြန့်နေကြောင်း ဖွင့်ချရှင်းလင်းလိုက်တဲ့ BGB

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို AA က မူးယစ်ဆေးဖြန့်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က စက်တင်ဘာ ၁၅ ရက်မှာ ကမ္ဘာသိအောင် သတင်းစာရှင်းလင်းထုတ်ပြန်လိုက်တာဟာ မြန်မာအစိုးရက AA လက်နက်ကိုင်အဖွဲ့ဝင်တွေကို မူးယစ်ဆေးနဲ့ ဖမ်းမိတယ်လို့ ကြေညာတိုင်း မမှန်ပါဘူးလို့ လိမ်လည်ငြင်းဆိုနေတဲ့ ရခိုင်အကြမ်းဖက် လက်နက်ကိုင် AA အဖို့တော့ ငြင်းမရနိုင်တော့တဲ့ ပြည်ပနိုင်ငံတစ်ခုရဲ့ ကမ္ဘာသိပြောဆိုမှုကို ခံလိုက်ရတာပါ။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ရဲ့ ထုတ်ပြန်ပြောကြားချက်အရ ရခိုင်အကြမ်းဖက်လက်နက်ကိုင် (AA) ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို စိတ်ကြွရူးသွပ်ဆေးပြားလို့ ခေါ်ဆိုတဲ့ Methamphetamine နဲ့ Caffeine တွေပါဝင်တဲ့ ယာဘ မူးယစ်ဆေးဖြန့်ဖြူးနေတာလို့ BGB ရဲ့ ရာမူစစ်မျက်နှာကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး မိုဟီဒူဒင် အာမက်က အတည်ပြုပြောကြားခဲ့သလို “ဘင်္ဂါလီတွေဟာ ယာဘ ရောင်းဝယ်မှုမှာ အဓိက မှောင်ခိုသမားတွေ ဖြစ်ပါတယ်။ သူတို့က မူးယစ်ဆေးတွေကို အရမ်းမြန်မြန် သယ်ဆောင်တာကြောင့် ဖမ်းရခက်ပါတယ်။ ကျွန်တော်တို့နိုင်ငံက အကျိုးအမြတ်ကို အဓိကထားတဲ့ မရိုးမသားလူတချို့ဟာ မြန်မာနိုင်ငံက ရခိုင်လက်နက်ကိုင် AA ဆီကနေ ယာဘတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို သယ်ဆောင်နေကြပါတယ်”လို့ ပြောကြားခဲ့တာလည်း တွေ့ရပါသေးတယ်။
တကယ်တမ်းမှာလည်း လက်နက်ကိုင် AA ဟာ ဘာလုပ်ငန်းမှ မရှိဘဲ ဒီလောက်အထိ အင်အားကြီးထွားလာမှုက မူးယစ်ဆေးကြောင့်ဆိုတာ နိုင်ငံတကာက သုံးသပ်ထားပြီးဖြစ်သလို အရင် NLD အစိုးရဟောင်းလက်ထက်က ရခိုင်ပြည်နယ်အရေးအတွက် အစီရင်ခံစာလုပ်ဆောင်ခဲ့တဲ့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ အာနန်ကော်မရှင်ရဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အစီရင်ခံစာမှာ AA နဲ့ ARSA လက်နက်ကိုင်တွေရဲ့ မူးယစ်ဆေးဖြန့်ချိမှု ဖော်ပြခဲ့ပါသေးတယ်။ ဒါ့အပြင် သတင်းမှတ်တမ်းတွေအရလည်း ၂၀၁၆ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် မတ်လအထိ AA အဖွဲ့နဲ့ ဆက်စပ်တဲ့ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ကိုးကြိမ်ရှိခဲ့ပြီး မူးယစ်ဆေးဝါး ကာလတန်ဖိုး ကျပ် ၂၉၄ ဒသမ ၈၂ ဘီလျံ (ဒေါ်လာသန်း ၁၄၀၀ ကျော်) ရှိခဲ့ပါတယ်။ ဒါ့အပြင် AA အဖွဲ့ဝင်တွေ ပါဝင်တဲ့ မူးယစ်ဆေးဖမ်းဆီးရမိမှုတွေအဖြစ် ဒီနှစ် မတ်လ ၁၈ ရက်က ထုတ်ပြန်ခဲ့တဲ့ ရခိုင်လက်နက်ကိုင် AA ရဲ့ စီးပွားရေးတာဝန်ခံလင်မယား ဖြန့်ချိလှုပ်ရှားနေတဲ့ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ငွေကျပ် ၉၆ ဘီလျံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၃ တန်ကျော်၊ ကက်တမင်း ၂၀၀ ကီလို တို့နဲ့အတူ ဖမ်းဆီးရမိခဲ့မှု၊ ဧပြီ ၃ ရက်က ထုတ်ပြန်ခဲ့တဲ့ ရခိုင်အကြမ်းဖက် AA ကို ငွေထောက်ပံ့နေသူ ဦးဆောင်ပါဝင်တဲ့ မူးယစ်မှောင်ခိုဂိုဏ်းကို ကျပ် ၈ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးများစွာနဲ့အတူ ဖမ်းမိခဲ့မှု၊ မေလ ၁၆ ရက်က ထုတ်ပြန်ခဲ့တဲ့ AA အဖွဲ့ ရပ်တည်နိုင်ရေးအတွက် မူးယစ်ဆေးတွေကို ရှမ်းပြည်နယ်က ဝယ်ယူပြီး မလေးရှားနိုင်ငံဆီ ပို့ဆောင်ဖြန့်ဖြူးနေတဲ့ ကျပ်ဘီလျံ ၃၀၀ နီးပါးတန်ဖိုးရှိ မူးယစ်ဆေးများစွာသယ်ယူလာသူ AA ထောက်ပံ့တာဝန်ခံအပါအဝင် လူ ၂၆ ဦး ဖမ်းမိခဲ့မှု၊ ဩဂုတ် ၂၂ ရက်က ထုတ်ပြန်ခဲ့တဲ့ AA ကို ဆက်ကြေးပေးပြီး မလေးရှားကို မူးယစ်ဆေး မှောင်ခိုဖြန့်နေတဲ့ မူးယစ်ဂိုဏ်းကို ကျပ် ဘီလျံ ၂၆၀ နီးပါး တန်ဖိုးရှိ မူးယစ်ဆေးတွေနဲ့ ဖမ်းမိခဲ့မှု၊ စက်တင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ AA ရဲ့ မူးယစ်ဆေးဝါးဖြန့်ချိရေးဂိုဏ်းဝင် ၁၆ ဦးကို ကျပ်ဘီလျံ ၁၇၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးတွေ ဖမ်းမိခဲ့မှု စတဲ့ မူးယစ်ဆေးအများအပြား ကုန်သွယ်မှုကိုလည်း AA က ကျူးလွန်နေတယ်လို့ သိရပါသေးတယ်။
လက်ရှိအချိန်မှာလည်း AA လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် ထွန်းမြတ်နိုင်ဟာ မောင်တောမြို့နယ်၊ ထန်းရှောက်ခံရွာက ဘင်္ဂါလီ ၆၀၀ ကျော်ကို AA လက်နက်ကိုင်တွေက အစုလိုက် အပြုံလိုက် မုဒိမ်းကျင့်သတ်ဖြတ်ထားတဲ့အမှုကို နိုင်ငံတကာရာဇဝတ်ခုံရုံးမှာ အတိုင်ခံနေရ၊ စစ်ဆေးပေးဖို့ တောင်းဆိုခံနေရတာကြောင့် ရခိုင်ပြည်နယ်အထိ နယ်မြေဆင်းပြီး မောင်တောက ဗလီကို ပြန်ဖွင့်ပေးရတဲ့အထိ AA လက်နက်ကိုင်တွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုကို နယ်မြေဆင်း ဖြေရှင်းနေရတာပါ။ ဒီလို အခြေအနေမျိုးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို AA က မူးယစ်ဆေးဖြန့်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က သတင်းစာရှင်းလိုက်တာဟာ AA အဖို့တော့ သူ့မူးယစ်ဆေးဖြန့်မှုကို ကမ္ဘာက ခိုးထုပ်ခိုးထည်နဲ့ မိသွားခဲ့တာဖြစ်သလို ရခိုင်ပြည်နယ်ကို ဒီနှစ်ထဲမှာ ခြေချတဲ့ ထွန်းမြတ်နိုင်အဖို့လည်း သေမယ့်နှစ်မှ စစ်ထဲလိုက်တဲ့ ဇာတာနဲ့ အခက်ကြုံနေရတာ မြင်လိုက်ရပါတယ်။
ထွန်းမြတ်နိုင် အခက်ကြုံနေပေမဲ့ AA က မူးယစ်ဆေးဖြန့်နေတယ်လို့ BGB က ထွက်ပြောလာမှုဟာ မြန်မာနိုင်ငံအတွက် ပိုမိုကောင်းမွန်တဲ့ အချက်ပါ။ ဘာအချက်လဲဆိုရင် ပြီးခဲ့တဲ့ရက်ပိုင်းမှာ အမေရိကန်အစိုးရက နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ တာဝန်ဝတ္တရားတွေကို ‘ထင်ရှားစွာ ပျက်ကွက်ခဲ့တဲ့ နိုင်ငံငါးခုစာရင်းမှာ’ အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယား၊ မြန်မာ၊ ကိုလံဘီယာနဲ့ ဗင်နီဇွဲလားတို့ကို ဖော်ပြခဲ့မှုမှာ AA လို EAOs တွေက မူးယစ်ဆေးဖြန့်နေတာလို့ BGB ကို ကိုးကားပြီး သက်သေပြ ငြင်းချက်ထုတ်စရာ အတိအလင်းရလာခဲ့တာမို့လို့ပါ။ AA ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို မူးယစ်ဆေးဖြန့်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က ပြောဆိုခဲ့မှု၊ NUG နဲ့ PDF တွေက မူးယစ်ဆေးဖြန့်ဖြူးနေတယ်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့က NUG ဩဇာခံ PDF အဖွဲ့ဖြစ်တဲ့ ယင်းမာပင်ခရိုင် အမှတ် (၁၅) တပ်ရင်းမှူး ထောက်ခံစာနဲ့ သယ်လာတဲ့ စိတ်ကြွဆေးသုံးသန်းခန့်နဲ့ ဘိန်းဖြူတွေကို PDF သုံးဦးနဲ့အတူ ဖမ်းမိတယ်လို့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) – ဟားခါးက ထုတ်ပြန်ခဲ့မှုတွေဟာ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင် EAOs တွေ NUG နဲ့ PDF တွေက မူးယစ်ဆေးကုန်ကူးနေတယ်လို့ အစိုးရအဖို့ ကမ္ဘာကို အကောင်းဆုံးသက်သေပြနိုင်မယ့်အပြင် ဒီလို မူးယစ်ဆေးဖြန့်နေတဲ့ EAOs၊ NUG နဲ့ PDF တွေကို ဒီမိုကရေစီအမည်တပ်ပြီး သူကောင်းပြုထားတဲ့ နိုင်ငံတကာကို “မင်းတို့ မူးယစ်ရာဇာတွေ မင်းတို့ဘာသာထိန်း” လို့ အသိပေးနိုင်တာကလည်း မြန်မာနိုင်ငံအတွက်တော့ ရှင်းရခက်နေတဲ့ မူးယစ်ဆေးထုတ်လုပ်ဖြန့်ချိမှု အများဆုံးနိုင်ငံဆိုတဲ့ ဂယက်ကို တုံ့ပြန်ဖို့ အကောင်းဆုံးအခြေအနေဖြစ်သွားခဲ့တာပါလို့ ယူဆမိတာကို တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားပါရစေ။
