၂၂.၉.၂၀၂၅
Written by Thiri
ကျောင်းသွားရင်း စက်ဘီးမှောက်ရာက ဒူးဒဏ်ရာရရှိခဲ့သူ မိန်းကလေးငယ်ဟာ ဒဏ်ရာကနေ ဒဏ်ဖြစ်ပြီး ကင်ဆာအဆင့်ကို ကူးပြောင်းသွားတာမို့ အရေးပေါ် ကုသမှု လိုအပ်တဲ့ အခြေအနေနဲ့ လူမှုကူညီရေး အသင်းထံ အကူအညီတောင်းခံလာတာကို တောင်ငူအခြေစိုက် Save The Trees Rescue Team က ကုသနိုင်ဖို့ ကူညီသွားမယ်လို့ သိရပါတယ်။

အဆိုပါမိန်းကလေးငယ်က ပဲခူးတိုင်းဒေသကြီး၊တောင်ငူမြို့၊ ချောင်းဝကျေးရွာက အသက် ၁၈ နှစ်အရွယ် Grade 12 ကျောင်းသူတစ်ဦးဖြစ်ကာ ၂၀၂၃ – ၂၀၂၄ ခုနှစ် ပညာသင်နှစ်ရဲ့ နှစ်ကုန်ခါနီးအချိန်မှာ အခုလိုဖြစ်ပွားပြီး ကျောင်းဆက်လက် တက်ရောက်နိုင်ခြင်းပါ မရှိတော့တာလို့ သိရပါတယ်။
Save The Trees Rescue Team မှ ကိုကျော်သူရက “ပေါင်မှာ အနာဖြစ်ပြီး ပိုက်ဆံမရှိလို့ မကုဘဲထားရာက ကင်ဆာဖြစ်သွားတာပေါ့။ အဲ့ဒါကို ဖိဖိစီးစီး မကုနိုင်ဘူးပေါ့။ ပြီးခဲ့တဲ့လက နေပြည်တော် ကုတင် (၁၀၀၀) မှာ တစ်လခွဲ လောက် တက်ပြီး ဆက်မတက်နိုင်တော့လို့ ဆရာဝန် ပေးမဆင်းဘဲ ခိုးဆင်းလာတာ။ အိမ်ပြန်ရောက်ပြီး တစ်ပတ်ကျော်မှာ ကလေးက ဘယ်လိုမှ နေလို့မရအောင် ကိုက်တော့ အော်နေရတယ်တဲ့။ အဲ့ဒါနဲ့ ကျွန်တော်ဆီကို ချိတ်ဆက်လာတော့ ဒီကနေ သွားခေါ်ပေးတယ်။ တောင်ငူဆေးရုံ ပြပေးပေမယ့် ကုတင် (၁၀၀၀) ကို ပြန်လွှဲတယ်။ ဒီရောဂါက ဖြတ်သင့်ရင် ဖြတ်ရမယ်။ ကုသလို့ရတယ်။ သိန်း နှစ်ရာဝန်းကျင် ခန့်မှန်းခြေ ကုန်ကျနိုင်လို့ ကြိုးစားပေးနေပါတယ်” လို့ MT Newsကို ပြောပါတယ်။

အရိုးကင်ဆာက ခြေထောက်ဖြတ်ပြီး ကီမိုသွင်းရမှာမို့ ဝေဒနာသည်မိန်းကလေးမှာ အားနည်းနေတဲ့ အတွက် ပြုစုကုသမှုတွေ ဆောင်ရွက်ပေးနေရသလို Save The Trees Rescue Team အနေနဲ့လည်း လတ်တလော ဆေးဖိုးနဲ့ အာဟာရ ပြည့်အောင်စားသောက်နိုင်ရေး ကူညီဆောင်ရွက်ပေးထားပြီး အလှုရှင်ရအောင်လည်း ဆက်လက် ချိတ်ဆက်ကူညီသွားမယ်လို့ သိရပါတယ်။
အရိုးကင်ဆာ မိန်းကလေးအတွက် ချိတ်ဆက်ကူညီ ကုသိုလ်ပြုချင်ပါကလည်း Save The Trees Rescue Team ရဲ့ Kpay နံပါတ် 09256666575, Wave 09790162093 နဲ့ Aya pay 09256666575 တို့ကနေတစ်ဆင့် ဆက်သွယ် လှူဒါန်းနိုင် ကူညီနိုင်ပါတယ်။
