၂၂.၉.၂၀၂၅
Written By Thandar
စာပေချစ်ပရိသတ်တွေရဲ့ စာရေးဆရာမ ပုညခင်ရဲ့ ယနေ့ စက်တင်ဘာ ၂၂ ရက်မှာ အသက် ၅၃ နှစ်ပြည့် ပြီဆိုပေမယ့် အသက် ၆၀ အထိကို နှလုံးသားကနုပျို ဦးနှောက်ကလည်း လန်းဆန်းကျန်းမာနေတုန်းမို့ စာတွေ ဆက်ရေးဦးမှာပါလို့ ဖွင့်ဟလာပါတယ်။




“ဒီနေ့ ကျွန်မအသက် ၅၃ နှစ် ပြည့်ပါတယ်။ ဘာလိုလိုနဲ့ ၆၀ ဘက်ကို ၃ နှစ်ဝင်လာပြီလို ပြောလို့ရပါတယ်။ ဝန်ထမ်းတွေကတော့ အသက် ၆၀ ပြည့်ရင် ပင်စင်ယူကြတယ်ဆိုတော့ ကျွန်မအသက်ကလည်း ပင်စင်ယူဖို့ ၇ နှစ်အလိုလို့ ပြောရမယ် ထင်ပါတယ်။ ဒါပေမဲ့ စာရေးတဲ့ အလုပ်ကတော့ ပင်စင်မရှိတဲ့ အလုပ်ပါပဲ။ ဒီစာရေးတဲ့ အလုပ်ကို ပျော်မွေ့နှစ်ခြိုက်လွန်းလို အလုပ်လုပ်နေရတယ်လို့တောင် မထင်မိပါဘူး။ စာရေးတာဟာ ကျွန် မအတွက် အလုပ်လည်း ဖြစ်သလို ဝါသနာလည်းဖြစ်ပါတယ်။ ပျော်ရွှင်မှုလည်းဖြစ်ပါတယ်။ အပန်းဖြေမှုလည်း ဖြစ်ပါတယ်။ အသက် ၆၀ ပြည့်သည့်တိုင် နှလုံးသားကလည်း ခုလိုနုပျိုတုန်း ဦးနှောက်ကလည်း လန်းဆန်းတုန်း ကျန်းမာရေးလည်း ကောင်းမွန်တုန်း ခရီးတွေလည်း သွားနိုင်တုန်းဆိုရင်တော့ စာတွေ ဆက်ရေးဦးမှာပါပဲ”လို့ စာရေးဆရာမ ပုညခင်က ပြောပါတယ်။
သူမဟာ လက်ကျန်လရောင်၊ မြကျေးရုံတို့ ပုဂံရွှေပြည် စတဲ့ဝတ္ထုလေးကို အဆုံးသတ်ရေးသားထားပြီး မကြာခင်ကလည်း ပရိသတ်ကျေနပ်မှုရစေတဲ့ စာအုပ်ပေါင်းများစွာထွက်ရှိထားသလို ရုပ်ရှင်ဇာတ်ကားအဖြစ် လည်း ပြန်လည်ပုံဖော်ခဲ့ခြင်းခံရသူလည်းဖြစ်ပါတယ်။
စာရေးဆရာ ပုညခင်ရဲ့ “ပန်းတွေပွင့်ဖို့စောင့်ရချိန်” ဝတ္ထုကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက တရုတ်ပြည်သူ့သမ္မတနိုင်ငံက Lijiang စာအုပ်တိုက်နဲ့ ဘာသာပြန်ထုတ်ဝေဖို့အတွက် နှစ်ဖက်သဘောတူစာချုပ်ချုပ်ဆိုခံခဲ့ရပြီးတော့ ကမ္တာတဝှမ်းဖြန့်ချိခွင့်ရရှိထားသူလည်းဖြစ်ပါတယ်။
“ကျွန်မမွေးနေ့ကို အမှတ်ရစွာနဲ့ မွေးနေ့ဆုတောင်းပေးကြတဲ့ စာဖတ်သူများ မိတ်ဆွေများ အားလုံးကို ကျေး ဇူးတင်ပါတယ်။ အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာ အေးချမ်းကြပါစေ”လို့ သူမက ဆက်ပြောပါ တယ်။
