◾️အဖိုးတန်ကျောက်မျက်များ ထပ်မံလက်ခံတော့မည်မဟုတ်ဘဲ ငွေသားသာလှူဒါန်း လက်ခံမည်ဟု အသိပေး

၉. ၂. ၂၀၂၃
Written by Thettant

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဌာပနာတော်အတွက် ရွှေ၊ ရွှေနှင့်ကျောက်မျက်၊ ကျောက်မျိုးစုံ ပိဿာ ၁၂၀ ကျော် ပြည်သူများ လာရောက်လှုဒါန်းထားပြီးနောက် အဖိုးတန်ကျောက်မျက်များ အလှူခံမှုရပ်ဆိုင်းလိုက်ပြီး ငွေသားသာလှူဒါန်းနိုင်တော့မည်ဖြစ်ကြောင်း အသိပေးထားသည်။

အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနတွင် ဌာပနာတော် သွင်းလှူပူဇော်ခြင်းကို ဇန်နဝါရီ ၂၇ ရက်တွင်ပြုလုပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော (၇)ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် ရွှေထည် ၁၀၄ ကျပ်သား ၆ ပဲ ၃ ရွေး၊ ကျောက်မျက် ရတနာပါရွှေထည်ပစ္စည်း ၂၀၀ ကျပ်သား ၁ ပဲ ၁ ရွေး၊ ကျောက်မျိုးစုံ ၃ ကီလိုဂရမ် အပါအဝင် ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ၊ အဖိုးတန်ရွှေငွေ ကျောက်သံပတ္တမြားများကို ပထမအကြိမ် ဌာပနာသွင်းလှူပူဇော်နိုင်ခဲ့သည်။

ထို့ပြင် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ထပ်မံထည့်သွင်းလှူဒါန်းပူဇော်မည်ဖြစ်ပါသဖြင့် ကုသိုလ်တော် ရေရှည်တည်တံ့ခိုင်မြဲနိုင်မည့် အဖိုးတန်ကျောက်မျက်ရတနာများ ဌာပနာကုသိုလ်ပြုနိုင်ရန်အတွက် ဖေဖော်ဝါရီ ၇ ရက်အထိ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော်ခဲ့သည်။

ထို့ကြောင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူများက ဌာပနာကုသိုလ်များကို ထည့်ဝင်လှူဒါန်းခဲ့ကြရာ လှူဒါန်းမှုစုစုပေါင်းမှာ ရွှေထည် ၁၂ ပိဿာ ၃၈ ကျပ်သား၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၁၅ ပိဿာ ၇၂ ကျပ်သား၊ ကျောက်မျိုးစုံ ၉၂ ပိဿာ ၅၆ ကျပ်သား၊ ဓာတ်တော်မွေတော်၊ ပုလဲနှင့် ငွေထည်ပစ္စည်းများ၊ ဘွဲတံဆိပ်များနှင့် အလှူငွေ ၇၅၁၃၇၇၆၀၀ ကျပ်တို့ကို လာရောက်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

ထို့ကြောင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဌာပနာတော်ထပ်မံထည့်သွင်း သွင်းလှူပူဇော်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများရှိပါသဖြင့် အဖိုးတန်ကျောက်မျက်ရတနာများ၊ ဌာပနာပစ္စည်းများကို လက်ခံခြင်းမရှိတော့ဘဲ လှူဒါန်းငွေများကိုသာ လက်ခံသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *