၂၁.၉.၂၀၂၅
Written By Thandar
၂၀၀၈ ခုနှစ်က ဆိုကြမယ်ပျော်ကြမယ် ပထမဆုရှင် တေးသံရှင်နန်းသဉ္ဇာအောင်ရဲ့ Own Tune တေးသီချင်းများစွာပါဝင်တဲ့ “ထိန်းချုပ်သူ” တေးစီးရီး မိတ်ဆက်ပွဲကို ယနေ့ စက်တင်ဘာ ၂၁ ရက် နေ့လည်ပိုင်းက ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်ရှိ God Father Music Pub မှာ ကျင်းပခဲ့ပါတယ်။

အဆိုပါ တေးသီချင်းမိတ်ဆက်ပွဲကို တေးရေး နောင်နောင် (Sun Flower)၊ ဟန်ထူးဈာန်၊ ခင်မြတ်မွန်နဲ့အတူ အနုပညာရှင်များစွာက တက်ရောက်ခဲ့ကြပြီး အမှတ်တရစကားတွေပြောပေးခဲ့ကြပါတယ်။
“ထိန်းချုပ်သူဆိုတဲ့ Title သီချင်းလေးက ဆရာနောင်နောင် (Sun Flower) ရေးသားပေးထားတဲ့ သီချင်းလေးပါ။ ဒီတေးစီးရီးထဲမှာလည်း ဒီသီချင်းလေးပါပါတယ်။ အဲဒါကြောင့် သီချင်းခေါင်းစဉ်ကိုလည်း ထိန်းချုပ်သူဆိုပြီးပဲ ပေးဖြစ်လိုက်တာပါ။ သီချင်းလေးကို ကြိုက်လည်းကြိုက်တယ်။ ဆရာရေးပေးထားတာဖြစ်လို့ အမှတ်တရလည်းဖြစ်အောင် Title ပေးထားတာပါ။ သီချင်းလေးကို ငယ်ငယ်ကတည်းက ရူးသွပ်တာပါ။ ဂီတတွေကို ချစ်မြတ်နိုးလို့ ခုလို Album တွေထုတ်ဖြစ်တာပါ” လို့ တေးသံရှင် နန်းသဉ္ဇာအောင် က ပြောပါတယ်။

အဆိုပါ သီချင်းခွေမှာ တေးရေး နောင်နောင် (Sun Flower) ၊ တခြားတေးရေးတွေပါဝင်တဲ့ Answer၊ ထိန်းချုပ်သူ၊ ဝေးဖို့ကံ၊ Get Out၊ ခုတစ်မျိုးတော်ကြာတစ်မျိုး၊ ကြင်နာသူရှိမှ၊ ရှိနေမဲ့သူ၊ အငှားနေတုန်း၊ မင်းအချစ်နဲ့ အသက်ရှင်မဲ့ငါ၊ ဆက်လျှောက်၊ အမှား၊ တစ်ခုခုတော့ မှားယွင်းနေပြီ စတဲ့ တေးသီချင်း ၁၂ ပုဒ်ပါဝင်ပြီး Rock & Pop မြူးဇစ်တွေလည်း ပါဝင်တာဖြစ်ပါတယ်။
တေးသံရှင် နန်းသဉ္ဇာအောင်ရဲ့ “ထိန်းချုပ်သူ” တေးစီးရီးခွေကတော့ ယနေ့စက်တင်ဘာ ၂၁ ရက်မှာ Music Net , Melo App တို့မှာ နားဆက်နိုင်မယ်လို့ သိရပါတယ်။
