၁၇. ၉. ၂၀၂၅
Written by Thettant
မလေးရှားလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ AirAsia က လေယာဉ်မယ်တွေဟာ မကြာသေးမီက လေယာဉ်ပျံသန်းနေချိန်အတွင်း ကကွက်တွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။
ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး လေကြောင်းလိုင်းရဲ့ ဆန်းသစ်တဲ့ စျေးကွက်ရှာဖွေရေးနည်းလမ်းအဖြစ် ချီးကျူးတာတွေရှိသလို၊ လေယာဉ်ဘေးကင်းလုံခြုံမှုကို လျစ်လျူရှုတာမျိုး ဖြစ်နိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိလာခဲ့ပါတယ်။

TikTok အကောင့်တစ်ခုမှာ တင်ထားတဲ့ တစ်မိနစ်ကြာ ဗီဒီယိုတစ်ခုထဲမှာ AirAsia လေယာဉ်မယ်တွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်-ဒွန်မောင်းကနေ ဖူးခက်ကို ပျံသန်းတဲ့ လမ်းကြောင်းမှာ ကပြနေတာကို တွေ့ရပါတယ်။ ဒီဗီဒီယိုဟာ Like ၄၀,၀၀၀ ကျော်နဲ့ မှတ်ချက် ၄၀၀ လောက် ရရှိခဲ့ပါတယ်။ စက်တင်ဘာ ၁၇ ရက်နေ့အထိ ကြည့်ရှုသူပေါင်း ၉၁၀,၀၀၀ နီးပါး ရှိခဲ့ပါတယ်။
ဒီကကွက်ဖျော်ဖြေမှုဟာ AirAsia က ဒီနှစ် မတ်လမှာ မိတ်ဆက်ခဲ့တဲ့ အမျိုးသမီးအဆိုရှင်အဖွဲ့ Vera ရဲ့ ပွဲဦးထွက်သီချင်း “Tick-Tock” နဲ့ ဖြစ်ပါတယ်။ အချိန်မှန်ပျံသန်းတဲ့ သဘောတရားနဲ့ ဖန်တီးထားတဲ့ ဒီသီချင်းကို လေကြောင်းလိုင်းရဲ့ အမှတ်တံဆိပ်ပုံရိပ်ကို ပိုမိုခိုင်မာစေဖို့အတွက် အသုံးပြုခဲ့တာဖြစ်ပြီး လေယာဉ်ပေါ်က တခြားဝန်ဆောင်မှုတွေ ပြီးစီးမှ ဒီဖျော်ဖြေပွဲကို ကျင်းပခဲ့တာလို့ သိရပါတယ်။
AirAsia ရဲ့ တရားဝင်အကောင့်ကလည်း ဒီဗီဒီယိုအောက်မှာ “Tick-Tock” လို့ မှတ်ချက်ပေးခဲ့သလို၊ အဲဒီဗီဒီယိုမှာ ပါဝင်တဲ့ လေယာဉ်မယ်တစ်ဦးကလည်း ကိုယ်တိုင် Like လုပ်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အွန်လိုင်းမှာ တုံ့ပြန်မှုတွေဟာ နှစ်ပိုင်းကွဲနေပါတယ်။ “ဘေးကင်းလုံခြုံရေးကို အာမခံဖို့က မင်းတို့ရဲ့ အဓိကအလုပ် မဟုတ်ဘူးလား”၊ “ကြည့်ရတာ စိတ်မသက်မသာ ဖြစ်စရာဘဲ။ နားနေတာကို အနှောင့်အယှက်ဖြစ်စေတယ်” စတဲ့ ဝေဖန်မှုတွေ ရှိခဲ့သလို “ဆန်းသစ်တဲ့ စျေးကွက်ရှာဖွေရေးနည်းလမ်းပဲ” ဆိုတဲ့ အကောင်းမြင်မှတ်ချက်တွေလည်း ရှိခဲ့ပါတယ်။
Ref , Chozunbiz
