သတိုး
၁၇. ၉. ၂၀၂၅
ကမ္ဘာပေါ်မှာ သက်တမ်းအကြာဆုံးဖြစ်တဲ့ မမ်မီ (Mummy)တွေဟာ အရှေ့တောင်အာရှကနေ စတင်ပေါ်ပေါက်ခဲ့တာ ဖြစ်နိုင်ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၂,၀၀၀ လောက်ရှိပြီလို့ သိပ္ပံပညာရှင်တွေက ယူဆထားပါတယ်။
◾️ မမ်မီ ဆိုတာ ဘာလဲ
မမ်မီဆိုတာက သေဆုံးပြီးသား ခန္ဓာကိုယ်တွေကို ပျက်စီးယိုယွင်းမှုမရှိအောင် ထိန်းသိမ်းထားတဲ့ နည်းလမ်းတစ်ခုပါ။ သေဆုံးသူတွေကို မမ်မီအဖြစ် လုပ်ဆောင်မှုတွေမှာဆို ချီလီနိုင်ငံရဲ့ Atacama သဲကန္တာရ ဒါမှမဟုတ် အိုင်ယာလန်နိုင်ငံက ရွှံ့နွံဒေသတွေလိုမျိုး ဒေသတွေမှာ ပတ်ဝန်းကျင်အခြေအနေကြောင့် သဘာဝအတိုင်း ဖြစ်ပေါ်နိုင်သလို၊ ရှေးဟောင်းလူ့ယဉ်ကျေးမှုတွေမှာလည်း ဘိုးဘေးတွေကို ရိုသေလေးစားဖို့ ဒါမှမဟုတ် သူတို့ရဲ့ဝိညာဉ်တွေကို နောက်ဘဝပို့ဆောင်ပေးဖို့အတွက် လူတွေက ဓာတုပစ္စည်းတွေနဲ့ စီမံဖန်တီးပြီး မမ်မီအဖြစ် ပြုလုပ်ခဲ့ကြပါတယ်။
◾️ သက်တမ်းအကြာဆုံး မမ်မီများ
အီဂျစ်မမ်မီတွေကတော့ လူသိအများဆုံးဖြစ်ပေမဲ့ ဒီလေ့လာမှုမတိုင်ခင်အထိ သက်တမ်းအကြာဆုံးမမ်မီတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၇,၀၀၀ ခန့်က ချင်ချိုရို (Chinchorro) လို့ခေါ်တဲ့ ငါးဖမ်းတဲ့လူမျိုးစုတွေက ယခုကာလမှာ ပီရူးနဲ့ ချီလီနိုင်ငံဖြစ်နေတဲ့ ဒေသမှာ ပြုလုပ်ခဲ့တယ်လို့ ယူဆထားကြပါတယ်။
ဒါပေမဲ့ Proceedings of the National Academy of Sciences ဂျာနယ်မှာ မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုအသစ်တစ်ခုက ဒီအချိန်ကာလကို ထပ်ပြီး ရွှေ့ဆိုင်းပေးခဲ့ပါတယ်။
သုတေသီတွေဟာ တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတွေအပြင် ဖိလစ်ပိုင်၊ လာအို၊ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ရှေးဟောင်းသုတေသနနယ်မြေအချို့မှာ ထိုင်လျက်အနေအထား၊ ဒါမှမဟုတ် ကွေးကောက်ထားတဲ့ အနေအထားနဲ့ မြှုပ်နှံထားတဲ့ လူ့အရိုးစုတွေကို တွေ့ရှိခဲ့ပါတယ်။ ဒီအရိုးစုတွေပေါ်မှာ ဖြတ်ရာနဲ့ မီးလောင်ထားတဲ့ အမှတ်အသားအချို့ကိုလည်း တွေ့ရပါတယ်။
အရိုးတွေကို ထပ်မံလေ့လာကြည့်တဲ့အခါ အလောင်းတွေကို အပူပေးထားပုံရတယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ ဒီအချက်က အဲဒီဒေသက ရှေးဟောင်းအမဲလိုက်တဲ့အဖွဲ့တွေဟာ အလောင်းတွေကို မီးခိုးနဲ့ ကျပ်တိုက်သလိုအပူပေးပြီး မမ်မီအဖြစ် ပြုလုပ်ခဲ့ကြတယ်လို့ ညွှန်ပြနေပါတယ်။

◾️ ပညာရှင်များရဲ့ သုံးသပ်ချက်
ဂျပန်နိုင်ငံ၊ Sapporo ဆေးတက္ကသိုလ်က လေ့လာမှုစာတမ်းရေးသားသူ Hirofumi Matsumura က ဒီမမ်မီပြုလုပ်တဲ့ အလေ့အထဟာ “လူတွေအနေနဲ့ သူတို့ရဲ့ ဘိုးဘေးတွေနဲ့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ဆက်သွယ်မှုတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး အချိန်နဲ့ မှတ်ဉာဏ်တွေကို ပေါင်းကူးပေးခဲ့တယ်” လို့ ပြောပါတယ်။
ဆွီဒင်နိုင်ငံ၊ Uppsala တက္ကသိုလ်က လူသားဆင့်ကဲပြောင်းလဲမှုဆိုင်ရာ ကျွမ်းကျင်သူ Rita Peyroteo Stjerna ကတော့ မမ်မီတွေရဲ့ သက်တမ်းကို သတ်မှတ်တဲ့နည်းလမ်းတွေဟာ ပိုပြီး ခိုင်မာသင့်တယ်လို့ သုံးသပ်ပါတယ်။ ဒါ့အပြင် အရှေ့တောင်အာရှဒေသတွေအားလုံးမှာ ဒီလို မီးခိုးအသုံးပြုပြီး မမ်မီလုပ်တဲ့နည်းလမ်းကို တစ်သမတ်တည်း ကျင့်သုံးခဲ့သလားဆိုတာ မသေချာသေးဘူးလို့လည်း သူက ပြောပါတယ်။ ဒါပေမဲ့ ဒီတွေ့ရှိချက်တွေဟာ “သမိုင်းမတင်မီခေတ်က အလောင်းမြှုပ်နှံခြင်း ဆိုင်ရာ အလေ့အထတွေကို လေ့လာတဲ့နေရာမှာ အရေးပါတဲ့ အထောက်အကူတစ်ခုဖြစ်တယ်” လို့လည်း သူက ချီးကျူးခဲ့ပါတယ်။
လက်ရှိအချိန်မှာတောင် ဩစတြေးလျနဲ့ ပါပူဝါနယူးဂီနီက ဒေသခံလူမျိုးစုတွေဟာ သူတို့ရဲ့ သေဆုံးသူတွေကို မီးခိုးနဲ့ ခြောက်သွေ့အောင်ကျပ်တိုက်တိုက်ပြီး မမ်မီပြုလုပ်တဲ့ အလေ့အထကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်
Ref, AP
