၁၇.၉.၂၀၂၅
Translated by Htwe Ko Tun
ဖိလစ်ပိုင်နိုင်ငံရဲ့ အမျိုးသားမြို့တော်ဒေသကြီးဖြစ်တဲ့ မက်ထရိုမနီလာရဲ့ ကွီဇုန်စီးတီးအတွင်း ဖီလ်ကိုအာ(Philcoa) နယ်မြေမှာ မာနီဘီလာ (Manibela) သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းမှ အဖွဲ့ဝင်တွေဟာ စက်တင်ဘာလ ၁၇ ရက် နံနက် ၆ နာရီကစလို့ စုရုံးခဲ့ကြပြီး သူတို့ရဲ့ သုံးရက်ကြာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှာ ဆန္ဒပြ သပိတ်မှောက်မှုကို စတင်ခဲ့ကြတယ်လို့ သိရပါတယ်။
ဆန္ဒပြသူတွေက ရေလွှမ်းမိုးမှုထိန်းချုပ်ရေးစီမံကိန်းတွေမှာ အကျင့်ပျက်ခြစားမှုတွေ ပြုလုပ်နေတာကို ကိုးကားညွှန်ပြခဲ့ကြပြီး အစိုးရအဖွဲ့အတွင်း အကျင့်ပျက်ခြစားမှုတွေကို ဆန့်ကျင်ဆန္ဒပြသွားမယ်လို့ သိရပါတယ်။

ဆန္ဒပြမှုကို ဦးဆောင်လျက်ရှိတဲ့ မာနီဘီလာ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း ဥက္ကဋ္ဌ မား ဗာလ်ဗူနာက နိုင်ငံတစ်ဝန်းမှာပြုလုပ်မယ့် သပိတ်မှောက်ဆန္ဒပြမှုမှာ ဒီလုပ်ငန်းက အဖွဲ့ဝင်အင်အား ၃၀၀,၀၀၀ ခန့် ရှိတဲ့အနက် ၁၀၀,၀၀၀ ခန့် ပါဝင်သွားကြလိမ့်မယ်လို့ မျှော်လင့်ပြီး စက်တင်ဘာလ ၁၉ ရက်အထိ ဆန္ဒပြပွဲကို ပြုလုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။
ဆန္ဒပြသမားတွေက ချီတက်လာကြတဲ့လမ်းကြောင်းမှာ “အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ကြ” လို့ ကြွေးကြော်အော်ဟစ်လာတာ တွေ့ရပါတယ်။
ဆန္ဒပြပွဲတွေကို ဘာဂီယို၊ ပန်ဂါဆီနန်၊ ဘာကိုလော့ဒ်၊ လီဂါ့ဇ်ပီ၊ အောမော့၊ ဆာမားနဲ့ ဒါဗာအိုမြို့ကြီးတွေမှာ တစ်ပြိုင်နက်ပြုလုပ်နေတယ်လို့သိရပါတယ်။
ထိုအတောအတွင်းမှာပဲ တခြား သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ Pagkakaisa ng mga Samahan ng Tsuper at Operator Nationwide သို့မဟုတ် Piston ကလည်း အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေးအတွက် စက်တင်ဘာ ၁၈ ရက်မှာ သူတို့ရဲ့ သယ်ယူပို့ဆောင်ရေးသပိတ်ကို စတင်ပြုလုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။
မာနီဘီလာ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းက ဖိလစ်ပိုင်နိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှာ အဓိကကျတဲ့ ဂျစ်နီ(Jeepney) ကားတွေနဲ့ သယ်ယူပို့ဆောင်တာဖြစ်ပါတယ်။
Ref -inquirernet
