၁၇.၉.၂၀၂၅
Translated by Htwe Ko Tun
ပိုလန်နိုင်ငံသမ္မတကာရိုးလ် နော်ရော့ကီက ပိုလန်နိုင်ငံအနေနဲ့ မိမိပိုင်နက်မြေပေါ်မှာ ပြည်ပနျူကလီးယားတပ်ဖွဲ့တွေ လာရောက်ချထားဖို့နဲ့ ကိုယ်ပိုင်နျူကလီးယားစွမ်းအင်တိုးတက်မှုရှိစေရေးအတွက် လုပ်ဆောင်ဖို့ အခွင့်အရေးရှိတယ်လို့ LCI ရုပ်မြင်သံကြားလိုင်းကနေတစ်ဆင့် စက်တင်ဘာလ ၁၆ ရက်က ပြောခဲ့ပါ တယ်။
ကာရိုးလ်က “ပိုလန်နိုင်ငံရဲ့ သမ္မတအနေနဲ့ပြောရရင် ကျွန်တော်တို့ နိုင်ငံအနေနဲ့ နျူကလီးယားအစီအစဉ် ဝေမျှမှုမှာ အတူပူးပေါင်းပါဝင်သင့်တယ်။ ဒါမှ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်နျူကလီးယားနည်းပညာတွေကို ရရှိနိုင်မှာပါ” လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် သူက ပိုလန်အနေနဲ့ နျူကလီးယားလက်နက်တွေပိုင်ဆိုင်ဖို့ စီစဉ်ဆောင်ရွက်နေသလားဆိုတာကိုတော့ အသေး စိတ်မပြောခဲ့ပါဘူး။ “ဒါကိုပြောဖို့က စောလွန်းပါသေးတယ်” လို့သာ ဆိုခဲ့ပါတယ်။
သမ္မတကာရိုးလ်နော်ရော့ကီက ပြင်သစ်နိုင်ငံနဲ့ ဂျာမနီနိုင်ငံတို့ကို သွားရောက်ခဲ့အပြီး သတင်းစာရှင်းပွဲ ပြုလုပ်ရာမှာ ခုလိုပြောခဲ့တာပါပဲ။
သူက ဂျာမနီနိုင်ငံက ပိုလန်နိုင်ငံရဲ့ ကာကွယ်ရေးစစ်ပစ္စည်းလုပ်ငန်းနဲ့ စစ်ရေးစွမ်းအင်တိုးတက်စေရေးတို့အတွက် ဒုတိယကမ္ဘာစစ်အတွက် စစ်လျော်ကြေးငွေကို ရန်ပုံငွေအဖြစ် ထောက်ပံ့သွားဖို့ ကတိပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
ပိုလန်အစိုးရအနေနဲ့ နေတိုးစစ်စာချုပ်အုပ်စုဝင်ဖြစ်တဲ့ ပြင်သစ်နိုင်ငံကို သူ့နိုင်ငံအတွင်း နျူကလီးယား လက်နက်တွေ လာရောက်ချထားဖို့ တောင်းဆိုပြောကြားဖူးပါတယ်။ ပိုလန်သမ္မတဟောင်း အန်ဇက်ဂျ် ဒူဒါက ပိုလန်မှာနျူကလီးယားလက်နက်တွေ လာရောက်ချထားရင် ရုရှားအနေနဲ့ ပိုလန်ကို တိုက်ခိုက်လာမှုကို တားဆီးနိုင်မယ်လို့ ဆိုခဲ့ပါတယ်။ ဒါ့ပြင် ပိုလန်က အမေရိကန်ပြည်ထောင်စုကိုလည်း သူ့နိုင်ငံမှာ နျူကလီးယားလက်နက်တွေလာရောက်ချထားဖို့ ဩဂုတ်လအတွင်းက ဖိတ်ခေါ်ခဲ့ပါသေးတယ်။
ဒါပေမယ့် ရုရှားအစိုးရကလည်း ပိုလန်မှာ နေတိုးစစ်အုပ်စုကသာ နျူကလီးယားလက်နက်တွေလာရောက် ချထားမယ်ဆိုရင် တတိယကမ္ဘာစစ်ကြီးကိုဦးတည်စေလိမ့်မယ်လို့ သတိပေးထားပါတယ်။
Ref- Tass, TVP World
