၁၆.၉.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ ဇေယျာရွှေမြေလမ်းရှိ နှစ်ခန်းတွဲ၊ ခြောက်ထပ်တိုက်၊ ခြောက်လွှာရှိတိုက်ခန်းတစ်ခု၏ ထပ်ခိုးတွင် စက်တင်ဘာလ ၁၅ ရက် ည ၉ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ မော်တာအပ်ချုပ်စက် ဝါယာကြိုးအပူလွန်ကဲရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
ဖြစ်စဥ်မှာ အလျား ၁၅ ပေ၊ အနံ ပေ ၆၀ ရှိသော တိုက်ခန်း၏ထပ်ခိုးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဝတ်အထည်နှင့် မော်တာအပ်ချုပ်စက်တို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

“မော်တာအပ်ချုပ်စက် ဝါယာကြိုးအပူလွန်လို့ အရည်ပျော်ပြီး မီးပွားကျရာကနေ အောက်မှာရှိတဲ့ အဝတ်တွေကို မီးကူးသွားတာ “ဟု မီးငြှိမ်းသတ်သူများထံမှ သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၄ စီး၊ ရေသယ်ယာဥ် ၄ စီးတို့ဖြင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၄၂ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ထပ်ခိုးမီးလောင်မှုကြောင့် အသက် ၆၈ နှစ်အရွယ် အိမ်ရှင်အဘိုးအိုကို တာမွေမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
