၁၆. ၉. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်၍ အပိုင်းလိုက်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို လေ့လာလိုသည့် ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် လေ့လာလိုသည့် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့်ကို ယနေ့မှ စတင်ကာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့အထိ လျှောက်ထားနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က အသိပေးကြေညာထားသည်။
လွှတ်တော်ရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာရာတွင် ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ လိုက်နာရမည့်ကျင့်ဝတ်ကို အမိန့်ကြော်ငြာစာအမှတ် (၆၈/၂၀၂၅) ဖြင့် လည်းကောင်း၊ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အမိန့်ကြော်ငြာစာအမှတ် (၆၉/၂၀၂၅) ဖြင့်လည်းကောင်း UEC က ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။ အဆိုပါ အမိန့်ကြော်ငြာစာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ Official Website ဖြစ်သည့် https://www.uec. gov.mm တွင် ဝင်ရောက်ကြည့်ရှု၍ Download ရယူနိုင်ကြောင်း အသိပေးထားသည်။
UEC အနေဖြင့် သက်ဆိုင်ရာနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို တိုက်ရိုက်ဖိတ်ကြားစာ ပေးပို့၍သော်လည်းကောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် သံတမန်ဆက်သွယ်မှုပြုထားသည့် နိုင်ငံခြားသံရုံးများ၊ ကောင်စစ်ဝန်ရုံးများနှင့် အမြဲတမ်းကိုယ်စားလှယ်ရုံးများမှ ကိုယ်စားလှယ်များကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ဖိတ်ကြား၍ သော်လည်းကောင်း နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအဖြစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခွင့် ပြုသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
၂၀၂၅ ရွေးကောက်ပွဲတွင် ပြည်ပရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ ၂၀ ဝန်းကျင် ဖိတ်ကြားသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ အဖွဲ့အစည်းများတွင် သံတမန်ရေးရာတွင် နိုင်ငံ့ကိုယ်စား ဆောင်ရွက်နေသည့် မြန်မာနိုင်ငံအတွင်းရှိ သံရုံး/ကောင်စစ်ဝန်ရုံးများ၊ နိုင်ငံတကာအစိုးရများ၊ Electoral Management Body (EMB) ဆိုသည့် ကော်မရှင်အဖွဲ့များနှင့် အခြားသောအဖွဲ့အစည်းများ ပါဝင်ကြောင်း စက်တင်ဘာ ၁၁ ရက်တွင် နေပြည်တော်၌ ပြုလုပ်သည့် UEC ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။
