◾️ ကြိုတင်မဲများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်မှ ၂၉ အတွင်း သင့်လျော်သည့်ရက်၌ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးဆောင်ရွက်ရမည်
၁၅. ၉. ၂၀၂၅
Written by Nyein Kyaw
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အထွေထွေ ရွေးကောက်ပွဲ စတင်ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်၍ ပြည်တွင်းရှိ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ်ပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် စပ်လျဉ်း၍ ယနေ့တွင် UEC က ဆက်လက် အသိပေးကြေညာခဲ့သည်။
UEC က ထုတ်ပြန်ကြေညာခဲ့သည့် လွှတ်တော်မဲဆန္ဒနယ် အသီးသီးအတွက် မဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့ နယ်၏ ပြင်ပတွင်ရောက်ရှိနေသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲပေးခြင်းများကို အောက်ပါအတိုင်း ဆောင်ရွက်ရန် အသိပေးကြေညာထားသည်။
သက်ဆိုင်ရာ ကျောင်း၊ သင်တန်း၊ အချုပ်ခန်းနှင့် ဆေးရုံ အကြီးအမှူးများသည် ပုံစံ (၁၅) များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ Website နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများမှ ရယူ၍ မိမိဌာနရှိ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများထံ ဖြန့်ဖြူးပေးပို့ရမည်ဖြစ်ပြီး မဲဆန္ဒရှင်များက ဖြည့်သွင်းပြီးသည့် ပုံစံ (၁၅) များကို မြို့နယ်အလိုက် ပြုစုထားသည့် မှတ်ပုံတင်စာရင်း ပုံစံ (၁၅-က)နှင့်အတူ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသို့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၂ ရက် အရောက်ပေးပို့ရမည်ဖြစ်သည်။
မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသည် ကြိုတင်ဆန္ဒမဲလက်မှတ်နှင့် စာအိတ်များကို ကျောင်း၊ သင်တန်း၊ အချုပ်ခန်းနှင့် ဆေးရုံများအလိုက် ပြုစုထားသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်း ပုံစံ (၁၅(က-၁))နှင့်အတူ သက်ဆိုင်ရာ ကျောင်း၊ သင်တန်း၊ အချုပ်ခန်းနှင့် ဆေးရုံများသို့ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့ အရောက်ပေးပို့ရမည်ဖြစ်သည်။
သက်ဆိုင်ရာ ကျောင်း၊ သင်တန်း၊ အချုပ်ခန်းနှင့် ဆေးရုံများတွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်မှ နိုဝင်ဘာ ၂၉ ရက်အတွင်း သင့်လျော်သည့်ရက်၌ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးဆောင်ရွက်ရမည်ဖြစ်သည်။
ဆန္ဒပြုပြီးသော ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်များကို ကြိုတင်ဆန္ဒမဲပေးသူများ လက်မှတ်ရေးထိုးထားသည့် ပုံစံ ( ၁၅(က-၁))၊ အသုံးမပြုဘဲကျန်ရှိနေသော ကြိုတင်ဆန္ဒမဲလက်မှတ်နှင့် စာအိတ်များနှင့်အတူ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသို့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် ညနေ ၄ နာရီထက် နောက်မကျဘဲ အရောက်ပေးပို့ရမည်ဖြစ်သည်။
သက်ဆိုင်ရာ ကျောင်း၊ သင်တန်း၊ အချုပ်ခန်း၊ ဆေးရုံ အကြီးအမှူးများသည် အပိုဒ် ၂ (ဃ) ပါ ကြိုတင်ဆန္ဒမဲပေးမည့်နေ့ရက်ကို မိမိတို့ဌာနတည်ရှိရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသို့ အနည်းဆုံး (၃) ရက် ကြိုတင်အကြောင်းကြား၍ ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကျဉ်းဦးစီးဌာနအောက်ရှိ ရဲအချုပ်စခန်း၊ အကျဉ်းထောင်၊ အချုပ်ထောင်များ၊ ဆေးရုံများတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၉ ရက် နောက်ပိုင်းမှ အကြောင်းအမျိုးမျိုးကြောင့် အချုပ်ခံနေရသူများနှင့် ဆေးရုံတက်ရောက်ကုသရသူများရှိပါက သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်သည်။
ယာယီနေရပ်စွန့်ခွာနေရသူများ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် စပ်လျဉ်း၍ မဲစာရင်းပါရှိရာ သက်ဆိုင်ရာမြို့နယ်ပြင်ပရောက် ယာယီနေရပ်စွန့်ခွာနေရသူများ အနေဖြင့် ပုံစံ (၁၅) များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ Website မှလည်းကောင်း၊ မိမိတို့ရောက်ရှိရာဒေသရှိ မြို့နယ်ကော်မရှင်အဖွဲ့ခွဲထံမှ လည်းကောင်း ရယူ၍ ဖြည့်စွက်ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့အရောက် ယင်းမြို့နယ်ကော်မရှင်အဖွဲ့ခွဲထံ ပြန်လည်ပေးပို့ရမည်ဖြစ်သည်။
အဆိုပါ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် ယင်းပုံစံ (၁၅) များကို မြို့နယ်အလိုက် ပြုစုထားသည့် မှတ်ပုံတင်စာရင်း ပုံစံ (၁၅-ဂ) နှင့်အတူ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများထံသို့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့ အရောက်ပေးပို့ရမည်ဖြစ်သည်။
မဲစာရင်းပါရှိသည့် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် ကြိုတင်ဆန္ဒ မဲလက်မှတ်နှင့် စာအိတ်များကို မြို့နယ်အလိုက်ပြုစုထားသည့် မြို့နယ်ပြင်ပရောက် ယာယီနေရပ်စွန့်ခွာနေရသူများ စာရင်း ပုံစံ (၁၅( ဂ-၁ ))နှင့်အတူ ပုံစံ (၁၅) ပေးပို့လာသည့် သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့အရောက် ပေးပို့ရမည်ဖြစ်သည်။
ယာယီနေရပ်စွန့်ခွာနေရသူများ ရောက်ရှိနေသည့် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်မှ နိုဝင်ဘာ ၂၉ ရက်အတွင်း သင့်လျော်သည့်နေ့ရက်၊ သင့်လျော်သည့်နေရာ၌ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်သည်။
ဆန္ဒပြုပြီးသော ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်များကို ကြိုတင်ဆန္ဒမဲပေးသူများ လက်မှတ်ရေးထိုးထားသည့် ပုံစံ (၁၅ ( ဂ-၁ )) ၊ အသုံးမပြုဘဲ ကျန်ရှိနေသော ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်များနှင့်အတူ မဲစာရင်းပါရှိသည့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသို့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့ ညနေ ၄ နာရီထက် နောက်မကျဘဲ အရောက်ပေးပို့သွားရမည်ဖြစ်သည်။
မဲစာရင်းပါရှိသည့် မြို့နယ်မှ ယာယီနေရပ်စွန့်ခွာနေရသူများသည် ပုံစံ (၁၅) ဖြင့် မဲစာရင်းပါရှိသည့် မဲဆန္ဒနယ်အတွက် ကြိုတင်မဲမပေးလိုပါက လက်ရှိရောက်ရှိနေသော မြို့နယ်တွင် မဲစာရင်းပါရှိစေရေး သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ၁၀ ပါ သတ်မှတ်ချက်များနှင့်အညီ ရွေးကောက်ပွဲ ကျင်းပမည့်နေ့မတိုင်မီ ရက်ပေါင်း ၆၀ ထက် နောက်မကျစေဘဲ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့ နောက်ဆုံးထား၍ ( ၂၇-၁၀-၂၀၂၅ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲမှတစ်ဆင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ ပုံစံ (၃-က) ဖြင့် လျှောက်ထားရမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာ မြို့နယ်ပြင်ပတွင် ရောက်ရှိနေသော ကျောင်း၊ သင်တန်း၊ အချုပ်ခန်းနှင့် ဆေးရုံများရှိ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနှင့် ယာယီနေရပ်စွန့်ခွာ နေရသူများ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်အတွက် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများနှင့် သက်ဆိုင်ရာအကြီးအမှူးများက ပူးပေါင်းဆောင်ရွက်ကြရန်ကိုလည်း UEC က မေတ္တာရပ်ခံ အသိပေး ကြေညာထားသည်။
