၁၅. ၉. ၂၀၂၅
Written by Hey Mar
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့က တောင်ဒဂုံ – သုဝဏ္ဏ ငမိုးရိပ်ချောင်းကူး ပြည်ထောင်စုတံတားပေါ်ကနေ ရေထဲခုန်ချသွားတဲ့ အမျိုးသမီးငယ်ရဲ့ ရုပ်အလောင်း ဒီနေ့ စက်တင်ဘာ ၁၅ ရက် မနက် ၁၁ နာရီမှာ ပြန်ပေါ်လာလို့ ဆယ်ယူရရှိခဲ့ပြီလို့ သုဝဏ္ဏ လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
အဆိုပါ အမျိုးသမီးရဲ့ ရုပ်အလောင်းကို သုဝဏ္ဏလူမှုကူညီရေးအသင်းက စက်လှေတွေနဲ့ ချောင်းရိုးတစ်လျှောက် လိုက်လံရှာဖွေရာ ဒီနေ့မှာ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအပိုင် ငမိုးရိပ်ချောင်းစပ်တစ်နေရာမှာ ဒိုက်ပင်တွေကြားကနေ ဆယ်ယူရရှိခဲ့တာလို့ သိရပါတယ်။





သေဆုံးသူ အမျိုးသမီးငယ်က ခုန်မချခင် အမဖြစ်သူထံ “အမ ညီမလေး နှုတ်ဆက်ခဲ့ပါတယ်။ နောင်ဘဝဆိုတာရှိခဲ့ရင် အမတို့ရဲ့ညီမလေး ဖြစ်ချင်ပါသေးတယ်” လို့ ဖုန်းမက်ဆေ့ခ်ျ ပို့ထားခဲ့ကြောင်းနဲ့ လွန်ခဲ့တဲ့ တစ်လကျော်က အဆိုပါအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူကလည်း ချောင်းထဲခုန်ချ အဆုံးစီရင်ခဲ့တဲ့အတွက် အမျိုးသမီးမှာ စိတ်မတည်ငြိမ်တဲ့ ဝေဒနာခံစားနေရပြီး နာမကျန်းဖြစ်နေခဲ့တယ်လို့လည်း သေဆုံးသူအမျိုးသမီးရဲ့ မိသားစုဝင်တွေက ပြောပြမှုအရ သိရပါတယ်။
ခုန်ချခဲ့တဲ့ အမျိုးသမီးက အသက် နှစ်ဆယ်ကျော် အရွယ်လို့ ခန့်မှန်းရပြီး သူခုန်ချသွားတာကို တွေ့ရှိတဲ့ပတ်ဝန်းကျင်ရှိသူတချို့က ဖြတ်သန်းသွားတဲ့ ပရဟိတကားကို တွေ့ရှိတာကြောင့် ဝိုင်းဝန်းတားပြီး ကူညီဖို့ အကူအညီတောင်းကြတာလို့လည်း သိရပါတယ်။
မြုပ်ချည်ပေါ်ချည်ဖြစ်ကာ ရေထဲမြောသွားတဲ့ အမျိုးသမီးငယ်ကို တွေ့ရှိပေမယ့် အခြေအနေအရပ်ရပ်တွေကြောင့် ချက်ချင်းတော့ ဆယ်ယူနိုင်ခဲ့ခြင်းမရှိခဲ့ဘူးလို့လည်း လူမှုကူညီရေးအသင်းရဲ့ပြောစကားအရ သိရှိရပြီး လက်ရှိမှာတော့ အလောင်းကို သက်ဆိုင်ရာရဲ့ရဲလုပ်ငန်းစဉ်တွေဆက်လက်ဆောင်ရွက်နိုင်ဖို့ ရုပ်အလောင်းကို သင်္ဃန်းကျွန်း စံပြဆေးရုံဆီ သုဝဏ္ဏလူမှုကူညီရေးအသင်းက ယာဉ်နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
