၈. ၂. ၂၀၂၃
Written by Nay Moe
လုံခြုံရေးယာဥ်ကို ပဒေသာမိုင်းခွဲရာ ငါးလုံးပေါက်ကွဲသဖြင့် ဗိုလ်ကြီးတစ်ဦးကျကာ ငါးဦးဒဏ်ရာရဟု မြစ်ငယ် PDF က ယနေ့တွင် ထုတ်ပြန်သည်။
မဟာမိတ်စစ်ဆင်ရေးတိုက်ပွဲသတင်းထုတ်ပြန်ချက်အဖြစ် ယနေ့ထုတ်ပြန်သည့် အဆိုပါဖြစ်စဥ်မှာမန္တလေးတိုင်း မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ငါန်းဇွန်မြို့နယ်တွင် ဖေဖော်ဝါရီ ၅ ရက်က မြို့သာမှ ငါန်းဇွန်သို့ ထွက်လာသော လခရကားတစ်စီးကို ငါန်းဇွန်မြို့ တောင်လယ်သာနှင့်ရွာလာလမ်းကြားတွင် မန္တလေး ခရိုင်၊ အမှတ် ( ၅ ) တပ်ရင်း Myitnge – PDF နှင့်အတူ ဇာမဏီပြောက်ကျားတပ်ဖွဲ့ နှင့် AH NYAR MYAY SPECIAL DEFENSE FORCE တို့မှပူးပေါင်းပြီး မဟာမိတ်စစ်ဆင်ရေးအဖြစ် ပဒေသာမိုင်း ၇ လုံး ဆွဲပြီး တိုက်ခိုက်ခဲ့သည်။
ထို တိုက်ခိုက်မှုနေရာတွင် ပဒေသာမိုင်း ၅ လုံးသာကွဲသွားသဖြင့် လခရတပ်ဖွဲ့ဝင် ဗိုလ်ကြီး ဝကြီး ( အသက်မွေးမြူရေးသင်တန်းကျောင်း-၂ ) ကျဆုံးကာ ၅ ဦး ပြင်းထန်ဒဏ်ရာ ရရှိသွားပြီး မဟာမိတ်ညီနောင်များ အန္တရာယ်ကင်းစွာဆုတ်ခွာခဲ့သည်ဟုဆိုသည်။
လက်ရှိအချိန်တွင် LPDF များနှင့် PDF အချို့မှာ ထိုသို့တိုက်ခိုက်နေကြောင်း သတင်းထုတ်ပြန်မှသာ အလှူငွေရရှိနေသဖြင့် Mission အတုများ၊ သတင်းလိမ်များထုတ်ပြန်ကာ အလှူခံနေကြမှုလည်း ပေါ်ပေါက်နေပြီး အဆိုပါထုတ်ပြန်ချက်တွင် ထုတ်ပြန်ထားသကဲ့သို့ MT News သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသလို Myitnge PDF ကလည်း ဓာတ်ပုံ၊ ဗီဒီယိုသက်သေမှတ်တမ်းတင်မှု မရှိသဖြင့် သက်သေပြနိုင်ခြင်းလည်း မရှိဘဲ စာတစ်စောင်သာထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
