MT News
ပုသိမ်ကြီးမြို့နယ်ရှိ ငွေတောင်ကျေးရွာ၏ ရာအိမ်မှူးစက်ဘီးစီးလာစဥ် အသင့်စောင့်နေသူလူငယ်နှစ်ဦးက သေနတ်ဖြင့် ၄ ချက် ပစ်ခတ်သတ်ဖြတ်ခဲ့မှု ယမန်နေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၇ ရက် နံနက် ၇ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ငွေတောင်ကျေးရွာနေ အသက် ၆၀ ခန့်အရွယ် ရာအိမ်မှူးသည် တစ်ဦးတည်း ၎င်းအိမ်မှ စက်ဘီးဖြင့်ထွက်လာရာ ပြင်ဦးလွင်-မန္တလေးကားလမ်းပေါ်ရှိ ငွေတောင်ကျေးရွာတံတားပေါ်အရောက်တွင် ဆိုင်ကယ်တစ်စီးဖြင့် အသင့်စောင့်နေသည့် အမျိုးသားလူငယ် ၂ ဦးက ပစ္စတိုသေနတ်ဖြင့် ၄ ချက်ပစ်ခတ်ကာ မန္တလေးမြို့ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။
ပစ်ခတ်ခံရသည့် အဆိုပါရာအိမ်မှူးသည် ရင်ညွန့် ကျည် ၂ ချက်၊ ဝဲဘက်နံကြားဖောက်ဝင်သွားသည့် ဒဏ်ရာ ၁ ချက်နှင့် ဝဲဘက်ကျောကို ၁ ချက် ကျည်ဖောက်ဝင်သွားသော ဒဏ်ရာများကြောင့် ဆေးကုသမှုခံယူရန် ဂန္ဓမာလူမှုကူညီရေးအသင်းကားဖြင့် ကျောက်မီးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ရာအိမ်မှူးက စက်ဘီးနဲ့စီးလာတာကို တံတားပေါ်မှာ အသင့်စောင့်နေတဲ့ လူငယ် ၂ ယောက်က သေနတ်အတိုနဲ့ တေ့ပစ်သွားပြီးတော့ မန္တလေးဘက်ကိုမောင်းပြေးသွားတာ။ သေနတ်ကျည်ဒဏ်ရာ ၄ ချက်ရပြီး ကျောက်မီးတိုက်နယ်ဆေးရုံရောက်တော့ သေသွားတာပါ”ဟု မျက်မြင်တွေ့ရှိခဲ့သည့် ရွာခံတစ်ဦးက MT News သို့ ပြောသည်။
