
၁၄. ၉. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူလွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းနှင့်ပြည်နယ်လွှတ်တော်များအတွက် မဲဆန္ဒနယ်စုစုပေါင်း ၇၁၂ နယ်အတွက် ရွေးကောက်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။
ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၂၇၄ နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူ (FPTP) မဲဆန္ဒနယ် ၇၅ နယ်၊ အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၂၆ နယ်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၂၆၆ နယ်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၄၂ နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ် စုစုပေါင်း မဲဆန္ဒနယ် ၇၁၂ နယ်တို့တွင် ရွေးကောက်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသည့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၅၆ နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူ (FPTP) မဲဆန္ဒနယ် ၉ နယ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူ (FPTP) မဲဆန္ဒနယ် ၅၆ နယ် စုစုပေါင်းမဲဆန္ဒနယ် ၁၂၁ နယ်တို့တွင် ရွေးကောက်ပွဲများ ကျင်းပသွားနိုင်မည်မဟုတ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ရွေးကောက်ပွဲများ ကျင်းပနိုင်ခြင်းမရှိသည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၅၆ နယ်တို့မှာ ကချင်ပြည်နယ်တွင် ၄ ခု၊ ကယားပြည်နယ်တွင် ၃ ခု၊ ကချင်ပြည်နယ်တွင် ၄ ခု၊ စစ်ကိုင်းတိုင်းတွင် ၁၀ ခု၊ မကွေးတိုင်းတွင် ၅ ခု၊ မန္တလေးတိုင်းတွင် ၃ ခု၊ ရခိုင်ပြည်နယ်တွင် ၁၀ ခုနှင့် ရှမ်းပြည်နယ်တွင် ၁၇ ခုတို့ဖြစ်သည်။
ရွေးကောက်ပွဲများ ကျင်းပခြင်း မပြုမည့် အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူ (FPTP) မဲဆန္ဒနယ် ၉ နယ်တို့မှာ ကယားပြည်နယ်တွင် ၂ ခု၊ ချင်းပြည်နယ်တွင် ၃ နယ်၊ ရခိုင်ပြည်နယ်တွင် ၂ ခုနှင့် ရှမ်းပြည်နယ်တွင် ၂ ခုတို့ဖြစ်သည်။
ရွေးကောက်ပွဲများကျင်းပခြင်း မပြုမည့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၅၆ နယ်တို့မှာ ကချင်ပြည်နယ်တွင် ၄ ခု၊ ကယားပြည်နယ်တွင် ၃ ခု၊ ချင်းပြည်နယ်တွင် ၄ ခု၊ စစ်ကိုင်းတိုင်းတွင် ၁၀ ခု၊ မကွေးတိုင်းတွင် ၅ ခု၊ မန္တလေးတိုင်းတွင် ၃ ခု၊ ရခိုင်ပြည်နယ်တွင် ၁၀ ခု၊ ရှမ်းပြည်နယ်တွင် ၁၇ ခုတို့ဖြစ်သည်။
