MT News
Written by Nay Aung.
ဖေဖော်ဝါရီ ၇ ရက်တွင် မလေးရှားနိုင်ငံ North South အမြန်လမ်း၏ ၂၅၈ ဒသမ ၅ ကီလိုမီတာ၌ ယာဉ်မတော်တဆမှုဖြစ်ပွားသည့် မြန်မာနိုင်ငံသား လူငယ်တစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောသည်။
Proton Gen 2 အမျိုးအစားကားကို မောင်းနှင်လာခဲ့သော အသက် ၂၀ အရွယ်ရှိ ကိုမင်းမျိုးထက် ဆိုသူသည် ကားကို မြန်နှုန်းမြင့်မောင်းလာခဲ့ပြီးနောက် အရှိန်မထိန်းနိုင်ဖြစ်ကာ လမ်း၏ဘယ်ဖက်ခြမ်းရှိ သံဖြင့် ပြုလုပ်ထားသော အတားအဆီးများကို ဝင်တိုက်မိခဲ့ကြောင်း မလေးရှားနိုင်ငံ Kuala Kangsar ဒေသ၏ လက်ထောက်ရဲကော်မရှင်နာ အိုမာ ဘတ်ခါတီယာ ယာကော့က ပြောသည်။
၎င်းက ” ကားဟာ အရှိန်နဲ့ လမ်းဘေးမှာကာရံထားတဲ့ အတားအဆီးကို တိုက်မိခဲ့ပြီးနောက် ကားသမားဟာ ကားထဲက ပြုတ်ကျပြီး လမ်းဘေးအတားအဆီးကိုကျော်ပြီးကျသွားတယ်။ ကားသမားဖြစ်တဲ့ မြန်မာနိုင်ငံသားဟာ ဒဏ်ရာအပြင်းအထန်ရရှိပြီး ပွဲချင်းပြီးသေဆုံးခဲ့ရတယ်။ ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးဖို့ Kuala Kangsar ဆေးရုံကို ပို့ဆောင်ထားတယ်” ဟုထုတ်ဖော်ပြောဆိုထားသည်။
ယာဉ်မတော်တဆမှု ဖြစ်ပွားချိန်တွင် လမ်းသည် မိုးရွာထားသည့်အတွက် မောင်းနှင်ရမှုကောင်းမွန်ခြင်း မရှိသောအခြေအနေမျိုးဖြစ်ကြောင်း၊ အကွေ့အကောက်များသော တောင်တက်လမ်းပုံစံမျိုးဖြစ်ကြောင်း၊ လက်ထောက်ရဲကော်မရှင်နာ အိုမာ ဘတ်ခါတီယာ ယာကော့က ပြောသည်။
၎င်းက ” စုံစမ်းလေ့လာမှုအရ ယာဉ်မတော်တဆ ဖြစ်ချိန်မှာ ကားမောင်းသူဟာ အရှိန်ကိုထိန်းနိုင်တဲ့ ပုံစံမျိုးမရှိဘဲဖြစ်နေခဲ့တယ်။ ဒါကြောင့်လည်း အတားအဆီးတွေကို ဝင်တိုက်မိခဲ့တာဖြစ်တယ်။ လမ်းဘေး အတားအဆီးတွေကို အရှိန်နဲ့တိုက်မိတဲ့အတွက်ကားဟာ ဆိုးရွားစွာပျက်စီးသွားခဲ့တယ်။ အထူးသဖြင့် ကားရဲ့ရှေ့ခန်းဟာ ပျက်စီးမှု ဆိုးရွားခဲ့တယ်။ စုံစမ်းစစ်ဆေးမှုတွေကို ၁၉၈၇ ခုနှစ်က ပြဌာန်းထားတဲ့ ယာဉ်မောင်းသူများအက်ဥပဒေ ပုဒ်မ ၄၁ အရ စုံစမ်းစစ်ဆေးသွားမှာပါ” ဟု ဆိုသည်။
ref – utusan malaysia
