MT News
တနင်္သာရီတိုင်းဒေသကြီး၊ ကလိန်အောင်မြို့နယ်အတွင်း ဘုရားဖူးပြန်လာသည့် မော်တော်ယာဉ်အား လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ဆရာတော် ၁ ပါး အပါအဝင် ၂ ဦး သေဆုံးခဲ့ပြီး ကလေးငယ်သုံးဦးအပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ယာဉ်မောင်း ဦးသန်းထွေးမောင်းနှင်ပြီး ကလိန်အောင်မြို့၊ ရာဖူးရွာသစ်ကျေးရွာ၊ ဗုဒ္ဓသာသနာရက္ခိတကျောင်း ကျောင်းထိုင် ဆရာတော်ဘဒ္ဒန္တဥက္ကဋ္ဌအပါအဝင် တပည့်ဒါယကာ ၈ ဦးတို့သည် ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းတွင် ရာဖူးရွာသစ်ကျေးရွာမှ ထားဝယ်မြို့ရှိ ဘုရားများအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ပြန်လည်ထွက်ခွာလာစဉ် ညနေ ၃ နာရီခန့်တွင် ကလိန်အောင်မြို့၏ တောင်ဘက် ၁၄ မိုင်ခန့်အကွာ နှမ်းကြဲ ကျေးရွာအနီးသို့ အရောက်၌ PDF များက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် ဆရာတော်ဦးဥက္ကဋ္ဌ ပျံလွန်တော်မူခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ ကလေးငယ်သုံးဦးအပါအဝင် ကျန် ၆ ဦးတို့တွင် လက်နက်ငယ်ကျည်များထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်များမှ သေဆုံး၊ ဒဏ်ရာရရှိသူများအား ထားဝယ်မြို့ရှိ ပရဟိတအသင်းများမှ မော်တော်ယာဉ်များဖြင့် ထားဝယ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ပစ်ခတ်တိုက်ခိုက်သူများကို စုံစမ်းဖော်ထုတ်နေကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှစပြီး သံဃာအပါး ၇၀ ကျော်၊ သီလရှင် ၂ ပါးနှင့် ကလေးငယ်များအပါအဝင် လက်နက်မဲ့သူ ၅၅၀၀ ခန့် တိုက်ခိုက်သတ်ဖြတ်ခံထားရသည်။
