◾️ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၅၇ ပါတီကျန်ရှိပြီး နိုင်ငံရေးပါတီ ၆ ပါတီသာ ပြည်ထောင်စုတစ်ဝန်းလုံး မဲဆွယ်စည်းရုံးတော့မည်
၉. ၉. ၂၀၂၅
Written by Nyein Kyaw
ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်းများ မပြည့်မီသည့် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် NDF၊ DNP နှင့် အမျိုးသမီးပါတီ (မွန်) ပါတီ သုံးခုနှင့် တိုင်းနှင့်ပြည်နယ်အတွင်းသာ စည်းရုံးမည့် ပါတီတစ်ခုတို့အား မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီများအား ဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကြေညာချက်အမှတ် (၉၅/၂၀၂၅) ဖြင့် ယနေ့တွင် ကြေညာလိုက်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၅ ပုဒ်မခွဲ (စ) နှင့် (ဇ) တို့အရ နိုင်ငံရေးပါတီများ ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်းများ သတ်မှတ်အရေအတွက် ပြည့်မီရေးဆောင်ရွက်ပြီး ကော်မရှင်သို့ နောက်ဆုံးတင်ပြရမည့်ရက်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့သတ်မှတ်ကြောင်း ၂၀၂၅ ခုနှစ်၊ ဩဂုတ် လ ၂၀ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၅၆/၂၀၂၅) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၉) နှင့် (၁၀) အရ သတ်မှတ်ရက်ဖြစ်သည့် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့အထိ ပုဒ်မ ၅ ပုဒ်မခွဲ (စ) ပါ သတ်မှတ်ပါတီဝင်ဦးရေ မပြည့်မီသည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (National Democratic Force Party (NDF) ) နှင့် ပုဒ်မ ၅ ပုဒ်မခွဲ (ဇ) ပါ ပါတီရုံးခန်းများ သတ်မှတ်အရေအတွက် မပြည့်မီသည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (Democratic Party of National Politics (DNP))၊ အမျိုးသမီးပါတီ (မွန်) နှင့် ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ စုစုပေါင်း နိုင်ငံရေးပါတီ ၄ ပါတီကို နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ ( ခ ) အရ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီများအား ဖျက်သိမ်းလိုက်ကြောင်း ကြေညာထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်က မှတ်ပုံတင်ခွင့်ပြုပြီးသော တည်ဆဲနိုင်ငံရေးပါတီ ၆၁ ခုအနက် နိုင်ငံရေးပါတီ ၉ ပါတီက ပြည်ထောင်စုတစ်ဝန်းလုံး မဲဆွယ်စည်းရုံးသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းသာ မဲဆွယ်စည်းရုံးမည့်ပါတီ ၅၂ ပါတီဖြစ်ကြောင်း UEC က ဩဂုတ် ၂၈ ရက်တွင် ဖြေကြားထားသည်။

ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးသွားမည့် နိုင်ငံရေးပါတီ ၉ ပါတီစာရင်းတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP)နှင့် အမျိုးသမီးပါတီ (မွန်)ပါတီတို့ပါဝင်ခဲ့ပြီး ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီမှာ တိုင်းနှင့်ပြည်နယ်အတွင်းသာ မဲဆွယ်စည်းရုံးမည့်နိုင်ငံရေးပါတီဖြစ်သည်။
ထို့ကြောင့် လက်ရှိတွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၅၇ ပါတီသာရှိကျန်ရှိတော့ပြီး နိုင်ငံရေးပါတီ ၆ ပါတီသာ ပြည်ထောင်စုတစ်ဝန်းလုံး မဲဆွယ်စည်းရုံးသွားမည်ဖြစ်ပြီး တိုင်းနှင့်ပြည်နယ်အတွင်းသာ မဲဆွယ်စည်းရုံးမည့်ပါတီ ၅၁ ပါတီသာကျန်ရှိမည်ဖြစ်ကြောင်း သိရသည်။
