၉.၉.၂၀၂၅
Translated by Thettant
’Gen Z’ လှုပ်ရှားမှုက ဦးဆောင်တဲ့ တစ်နိုင်ငံလုံးဆိုင်ရာ ဆန္ဒပြမှုတွေကြားမှာ နီပေါနိုင်ငံရဲ့ ဘဏ္ဍာရေးဝန်ကြီး Bishnu Prasad Paudel ဟာ ဆန္ဒပြသူတွေက အများပြည်သူရှေ့မှာ လိုက်လံတိုက်ခိုက်ခံရပြီးနောက် နိုင်ငံရေးအကျပ်အတည်း ပိုမိုနက်ရှိုင်းလာခဲ့ပါတယ်။
အစိုးရရဲ့ အဂတိလိုက်စားမှုနဲ့ လူမှုကွန်ရက် ပိတ်ပင်မှုအပေါ် အကြီးအကျယ် ဒေါသထွက်ခဲ့ရာကနေ ပေါ်ပေါက်လာတဲ့ ဒီဆန္ဒပြမှုတွေဟာ ပြည်သူ ၂၁ ဦး သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရရှိစေခဲ့ပါတယ်။
လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတစ်ခုမှာ ဘဏ္ဍာရေးဝန်ကြီး Paudel ဟာ ကြောက်လန့်တ ကြား အများပြည်သူလမ်းမပေါ်မှာ ပြေးနေတာကို ပြသနေပြီး ဆန္ဒပြသူအုပ်စုက သူ့ကို လိုက်လံတိုက်ခိုက်နေတာ တွေ့ရသလိုခြေလက်တွေက မလို့ သယ်သွားကာ မြစ်ထဲမှာ ရိုက်နှက်နေတာလည်း မြင်ရပါတယ်။
လူမှုကွန်ရက်မှာ ထပ်မံဖြန့်ဝေခဲ့တဲ့ နောက်ထပ်ဗီဒီယိုတစ်ခုမှာတော့ ယခင်ဝန်ကြီးချုပ်နဲ့ နီပေါကွန်ဂရက်ပါတီဥက္ကဋ္ဌ Sher Bahadur Deuba နဲ့ ဇနီးဖြစ်သူ၊ လက်ရှိနိုင်ငံခြားရေးဝန်ကြီး Arju Rana Deuba တို့ဟာ သူတို့နေအိမ်ကို ဆန္ဒပြသူတွေ တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရရှိခဲ့ပေမဲ့ စစ်တပ်က ကယ်ဆယ်နိုင်ခဲ့ပါတယ်။
ဝန်ကြီးချုပ် KP Sharma Oli ဟာ ဆန္ဒပြသူတွေရဲ့ ဖိအားတွေနဲ့ သူ့နေအိမ်ကို ဒီနေ့မှာ မီးရှို့ခံရပြီးနောက် နာရီပိုင်းအကြာမှာ ရာထူးက နုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။
“နိုင်ငံရေးအဖြေတစ်ခုအတွက် နောက်ထပ်ခြေလှမ်းတွေ ဆက်လုပ်နိုင်ဖို့ ဒီကနေ့ကစပြီး ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်ပါတယ်” လို့ Oli က အတိုချုပ်ပြောကြားခဲ့ပါတယ်။
Oli အစိုးရအဖွဲ့ထဲက ဝန်ကြီးလေးဦးလည်း ဒီဆန္ဒပြမှုတွေကြောင့် ရာထူးက နုတ်ထွက်ခဲ့ပါတယ်။
’Gen Z’ အမည်ခံ နီပေါလူငယ်တွေ ဦးဆောင်တဲ့ ဒီဆန္ဒပြမှုတွေဟာ ကနဦးမှာ အစိုးရအဖွဲ့ရဲ့ အဂတိလိုက်စားမှုနဲ့ လူမှုကွန်ရက်တွေကို ယာယီပိတ်ပင်ခဲ့တဲ့ အငြင်းပွားဖွယ်ရာ ကိစ္စတွေကြောင့် ဒီသီတင်းပတ်အစောပိုင်းက စတင်ပေါ်ပေါက်ခဲ့တာပါ။ အစိုးရက မနေ့က တနင်္လာနေ့ညမှာ ပိတ်ပင်ထားတာကို ပြန်လည်ရုပ်သိမ်းပေးခဲ့ပေမဲ့ ပြည်သူတွေကို နှိမ်နင်းမှုအတွင်း လူ ၂၀ ကျော်သေဆုံးမှုတွေကြောင့် ဆန္ဒပြမှုတွေဟာ အကြမ်းဖက်ပဋိပက္ခတွေအဖြစ် အရှိန်မြင့်လာခဲ့ပါတယ်။
’Gen Z’ ဆန္ဒပြအဖွဲ့က တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်တစ်ခုမှာ လွှတ်တော်ကို ချက်ချင်းဖျက်သိမ်းဖို့၊ ဆန္ဒပြမှုအတွင်း အကြမ်းဖက်အမိန့်တွေပေးခဲ့တဲ့ တာဝန်ရှိသူတွေကို ရာထူးကနေ ရပ်ဆိုင်းဖို့နဲ့ ဆန္ဒပြသူတွေက အမည်စာရင်းတင်သွင်းတဲ့ ကိုယ်စားလှယ်တစ်ဦးဦးက ဦးဆောင်တဲ့ အစိုးရအဖွဲ့ ယာယီဖွဲ့စည်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သူတို့ဟာ ရွေးကောက်ပွဲ စောစီးစွာကျင်းပပေးဖို့နဲ့ စနစ်တကျ နိုင်ငံရေးပြုပြင်ပြောင်းလဲဖို့လည်း တောင်းဆိုခဲ့ပါတယ်။
လက်ရှိမှာတော့ ၀န်ကြီးချုပ် နုတ်ထွက်မှုနဲ့အတူ မြို့တော်က စစ်တပ်က ထိန်းချုပ်ဖို့ ရဲလက်က လွှဲယူလိုက်ပြီလို့လည်း သတင်းတွေက ဖော်ပြနေပါတယ်။
Ref, Times of India & X
