၇. ၉ . ၂၀၂၅
Written by Nay Moe
ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ (၁၂)မိုင်ကျေးရွာတွင် လမ်းဘေးပျက်နေသည့်ကားကို ဒီဇယ်သယ်လာသော ကားက ကားဆွဲပေးရန်လုပ်ဆောင်ချိန် ရပ်ထားသော ဒီဇယ်တင်ကားမှာ နောက်ဘီးလိမ့်ပြီး နေအိမ်ပေါ်လဲကျ တိမ်းမှောက်သွားရာမှ နေအိမ်နှင့် ဒီဇယ်ကား မီးလောင်ဆုံးရှုံးသွားမှုဖြစ်ပွားခဲ့သည်ဟု ထိုဒေသကို နယ်မြေလုယက်ထိန်းချုပ်ထားသည့် TNLA က ယနေ့ထုတ်ပြန်သည်။

ဖြစ်စဉ်တွင် စက်တင်ဘာလ (၄)ရက် နေ့လယ် ၁၂ နာရီ ၅၉ မိနစ်အချိန်၌ နမ့်ဖတ်ကာမှ နမ့်ခမ်းသို့ တင်ပို့ရန် ဒီဇယ်တင်ဆောင်လာသည့် ဦးမော်ကွန်းနောင်သည် (၁၂)မိုင် ကျေးရွာရောက်ချိန် လမ်းမပေါ်တွင် မိုင်းညီသန်းရွှေဆိုသူ၏ ကားသည် ပျက်နေသောကြောင့် ဦးမော်ကွန်းနောင်မှ ၎င်း၏ကားဖြင့် ကားဆွဲပေးရန်လုပ်ရာ ၎င်း၏ကားသည် နောက်ဘီးလိမ့်ပြီး လမ်းမအောက်ရှိ နေအိမ်(၂)အိမ်ပေါ်သို့ တိမ်းမှောက်ခဲ့ကာ မီးလောင်မှုဖြစ်ပွားခဲ့သည်။

အဆိုပါ ဒီဇယ်ကား တိမ်းမှောက်မှုကြောင့် ဦးလီကျားရှင်နှင့် ဦးအာစာဝ်တို့၏ နေအိမ်(၂)အိမ်နှင့် ကား(၁)စီး အားလုံးပျက်စီးဆုံးရှုံးသွားပြီး ကာလတန်းဖိုး စုစုပေါင်း ကျပ် သိန်း၂၄၀ ခန့်နှင့် တရုတ်ငွေ ယွမ် ၁၂၈၀၀၀ ဖိုးခန့် မီးလောင်ဆုံးရှုံးသွားခဲ့သည်ဟု သိရပြီး ထိုမီးလောင်မှုကို ဝိုင်းဝန်းငြှိမ်းသတ်ရာ နေ့လယ် ၃ နာရီ ၄၅ မိနစ်ခန့်အချိန်တွင်မှာ မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု သိရသည်။
