သတိုး
၇. ၉. ၂၀၂၅
ရုရှားနိုင်ငံက သုတေသနပြု ထုတ်လုပ်နေသည့် ကင်ဆာရောဂါ ကာကွယ်ဆေးသည် ကြိုတင်လက်တွေ့စမ်းသပ်မှုများကို အောင်မြင်စွာ ပြီးဆုံးသွားပြီဖြစ်ကြောင်းနှင့် ဘေးကင်းမှုနှင့် မြင့်မားသော ထိရောက်မှု နှစ်ရပ်စလုံးကို ပြသခဲ့ကြောင်း ရုရှား ဖက်ဒရယ်ဆေးဘက်ဆိုင်ရာနှင့် ဇီဝဆိုင်ရာ အေဂျင်စီ (FMBA) အကြီးအကဲ Veronika Skvortsova က အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF) တွင် ကြေညာခဲ့သည်ဟု Tass သတင်းဌာန၏ သတင်းဖော်ပြချက်ကို ကိုးကား၍ Business Standard သတင်းဌာနက ဖော်ပြသည်။
အရှေ့ဖျားစီးပွားရေးဖိုရမ်ကို စက်တင်ဘာ ၃ ရက်မှ ၆ ရက်နေ့အထိ ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့၌ ကျင်းပခဲ့ပြီး၊ “The Far East: Cooperation for Peace and Prosperity” ဆိုသည့် ခေါင်းစဉ်အောက်တွင် ဆွေးနွေးပွဲအများအပြား ကျင်းပခဲ့ကာ နိုင်ငံ ၇၅ ခုမှ ကိုယ်စားလှယ် ၈,၄၀၀ ကျော် တက်ရောက်ခဲ့သည်။
အဆိုပါ ဖိုရမ်တွင် Skvortsova က “သုတေသနကို နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီး နောက်ဆုံးသုံးနှစ်ကတော့ မဖြစ်မနေလိုအပ်တဲ့ လက်တွေ့မစမ်းသပ်မီ လေ့လာမှုတွေကို လုပ်ဆောင်ခဲ့တာပါ” ဟု ပြောကြားခဲ့ကြောင်း Tass သတင်းဌာနက ဖော်ပြသည်။
“ကာကွယ်ဆေးက အခုအသုံးပြုဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်မတို့က တရားဝင်ခွင့်ပြုချက်ကို စောင့်နေတာပါ” ဟုလည်း ၎င်းက ပြောသည်။
လက်တွေ့မစမ်းသပ်မီ လေ့လာမှုရလဒ်များက ကာကွယ်ဆေးသည် ထပ်ခါတလဲလဲ အသုံးပြုသည့်တိုင်အောင် ဘေးကင်းကြောင်းနှင့် ၎င်း၏ ထိရောက်မှုမှာလည်း အလွန်မြင့်မားကြောင်း အတည်ပြုခဲ့သည်ဟု Skvortsova က အလေးထား ပြောကြားခဲ့သည်။
ကင်ဆာကာကွယ်ဆေးသည် ရောဂါ၏ လက္ခဏာရပ်များပေါ် မူတည်၍ ကင်ဆာအကျိတ်အရွယ်အစား လျော့ကျသွားမှုနှင့် ကင်ဆာအကျိတ်ကြီးထွားမှု နှေးကွေးသွားမှု ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ ထိရောက်မှုရှိကြောင်းနှင့် ကာကွယ်ဆေးကြောင့် အသက်ရှင်နှုန်း ပိုမိုမြင့်မားလာသည်ကိုလည်း တွေ့ရှိရကြောင်း သုတေသီများက အတည်ပြုခဲ့သည်။
ယခုထုတ်လုပ်လိုက်သော ကာကွယ်ဆေးအတွက် ကနဦးပစ်မှတ်မှာ အူမကြီးကင်ဆာ ဖြစ်သည်။ ထို့အပြင် Glioblastoma (ဦးနှောက်ကင်ဆာ)၊ မျက်စိအရေပြားကင်ဆာ (Ocular melanoma) အပါအဝင် အရေပြားကင်ဆာ (Melanoma) အမျိုးအစား အချို့အတွက် ကာကွယ်ဆေးများ ထုတ်လုပ်ရာတွင်လည်း ကောင်းမွန်သည့် ဖွံ့ဖြိုးတိုးတက်မှုများ ရှိနေပြီဖြစ်သည်။
Ref, Business Standard
