၇. ၉. ၂၀၂၅
Written by Thettant
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့က Thiha ဖုန်းဆိုင်မှာ တပ်မတော်အရာရှိဆိုပြီး ဖုန်းဆိုင်ရှင်နဲ့ ဝန်ထမ်းတွေကို PDF လို့ပြောပြီး ဖမ်းခိုင်းမယ်လို့ ခြိမ်းခြောက်ခဲ့သူကို ဖမ်းမိခဲ့ပြီလို့ ကနဦးသတင်းတွေအရ သိရပါတယ်။

ဒီဖြစ်ရပ်ဟာ စက်တင်ဘာ ၅ ရက်နေ့က ဖြစ်ပွားခဲ့တာလို့ သိရပြီး လူမှုကွန်ရက် ရုပ်သံမှတ်တမ်းတွေအရ စစ်တပ်အရာရှိ ဟန်ဆောင်သူဟာ အရပ်ဝတ် ဝတ်ထားပြီး ဆိုင်အတွင်းမှာ အော်ဟစ်ကြိမ်းမောင်းနေကာ “မင်းတို့က စစ်တပ်ကိုပိုင်တာ ဘယ်လောက်ပိုင်တာလဲ တပ်ရင်းမှူးလောက်ပိုင်တာလား။ နေပြည်တော်ပိုင်လား ရန်ကုန်ပိုင်လား၊ ခရိုင်မှုးထိပိုင်လား” လို့ ကြိမ်းမောင်းပြောဆိုခဲ့တာကို CCTV မှတ်တမ်းမှာ တွေ့မြင်ရပါတယ်။

တပ်မတော် အရာရှိဟန်ဆောင်သူက စိုးဝင်းဆိုသူဖြစ်ပြီး မိုးကြိုးပစ်ရွာ၊ ဂေါ်ရခါးစုရပ်နေတဲ့ မုန့်ပို့သူလို့ ဆိုပါတယ်။ စိုးဝင်း ကြိမ်းမောင်းခြိမ်းခြောက်မှုက ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးပစ်ရွာက Thi Ha Mobile ဖုန်းဆိုင်မှာ စက်တင်ဘာ ၅ ရက် ည ၇ နာရီ ၁၈ မိနစ်ခန့်က ဖြစ်ခဲ့တာဖြစ်ပြီး အဲဒီရုပ်သံဖိုင်မှာ စိုးဝင်းက ကိုယ်ပိုင်အမှတ် တ-၁၂၇၄၆၀ လို့လည်း အော်ဟစ်နေတာ တွေ့ရတာကြောင့် ဒီဖြစ်စဥ်ကို တာဝန်ရှိသူတွေက လိုက်လံစစ်ဆေးဖော်ထုတ်ရာမှာ တရားခံစိုးဝင်းဆိုသူကို ဒီမနက်ပိုင်းက ဖမ်းမိခဲ့ပြီး ကျူးလွန်သူဟာ ဖုန်းဆိုင်မှာ ဝယ်ရင်းဆက်ဆံပုံ အလိုမကျတာကြောင့် တပ်မတော်အရာရှိဟန်ဆောင် ခြိမ်းခြောက်ဆဲဆိုခဲ့တာလို့ ထွက်ဆိုထားသလို ဖြစ်စဥ်အသေးစိတ်ကို ဆက်လက် ဖော်ထုတ်နေတယ်လို့ သိရပါတယ်။

