◾ ရန်ကုန်-ချန်ဒူး ခရီးသည်တင် လေကြောင်းလိုင်းများကိုလည်း ပြန်လည်ပြေးဆွဲနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိ
MT News
၇. ၉. ၂၀၂၅
တရုတ်နိုင်ငံ စီချွမ်ပြည်နယ်နှင့် မန္တလေး၊ ချန်ဒူးမြို့နှင့် ရန်ကုန်မြို့ အကြား စီမံကိန်းများ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာများရေးထိုးမည်ဖြစ်ကြောင်း မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဒုတိယအကြိမ် တွေ့ဆုံပွဲကို ယမန်နေ့ ဒေသစံတော်ချိန် နေ့လယ် ၁ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီချွမ်ပြည်နယ်၊ ချန်ဒူးမြို့ရှိ Shangri la ဟိုတယ်၌ ကျင်းပပြုလုပ်စဥ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောကြားလိုက်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံနှင့် စီချွမ်ပြည်နယ်တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကဏ္ဍများစွာရှိပြီး စီချွမ်ပြည်နယ်နှင့် မန္တလေး တိုင်းဒေသကြီးတို့အကြား စီးပွားရေး၊ ကူးသန်း ရောင်းဝယ်ရေး၊ အခြေခံအဆောက်အအုံများ တည် ဆောက်ရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရေးအတွက် ချစ်ကြည်ရင်းနှီးသောပူးပေါင်း ဆောင်ရွက်မှုဆက်ဆံရေးတည်ထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးသွားရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထို့အပြင် ချန်ဒူးမြို့နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တို့အကြားတွင်လည်း ချစ်ကြည်ရေးညီအစ်မမြို့ တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးသွားရန်ရှိကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ နှင့် စီချွမ်ပြည်နယ်တို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားနိုင်ရေး၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုဖလှယ်နိုင်ရေးနှင့် ပြည်သူအချင်းချင်းကူးလူးဆက်ဆံနိုင်ရေးတို့အတွက် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားစဉ်ကာလကတည်းက ရပ်ဆိုင်းထားခဲ့သည့် ရန်ကုန်-ချန်ဒူး ခရီးသည်တင် လေကြောင်းလိုင်းများကိုလည်း ပြန်လည်ပြေးဆွဲနိုင်ရန်အတွက်လည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထို့အတူ မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ နှင့် လူဦးရေများပြားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့အကြားတွင် နယ်နိမိတ်ချင်း ထိစပ်တည်ရှိနေ သည့်အတွက် ကုန်သွယ်မှုများပြုလုပ်ရန် အခွင့်အလမ်းများစွာ ရှိသည့်နိုင်ငံဖြစ်ကြောင်း၊ ထို့ပြင်မြန်မာနိုင်ငံသည် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံတို့ ဆုံဆည်း ရာနေရာ၌ ပထဝီအနေအထားအရ အချက်အချာကျကျ တည်ရှိလျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်မှုအနေဖြင့်လည်း လမ်းဆုံနေရာ တွင်တည်ရှိနေပြီး တရုတ်နိုင်ငံ အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖန်တီးပေး နိုင်မည့်နိုင်ငံဖြစ်ကြောင်း၊ သို့ဖြစ်၍ လမ်းပန်းဆက်သွယ်ရေးကဏ္ဍနှင့် အခြေခံအ ဆောက်အအုံကဏ္ဍများသည် တရုတ်နိုင်ငံအတွက် အလားအလာကောင်းများစွာ ရှိသည်ကို အသိပေးပြောကြားလိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
