◾ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မီဒီယာ ဖြေကြားချက် အပြည့်အစုံ
” ကမ္ဘာပေါ်မှာရှိတဲ့ အင်အားကြီးနိုင်ငံတွေပေါ့။ သူတို့ကနေပြီးတော့ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ စစ်ရေးအမျိုးစုံနဲ့ အနိုင်ကျင့်နေတာတွေ့ရပါတယ်။ ခင်ဗျားတို့ တရုတ်နိုင်ငံကိုပဲ အမေရိကန်က အခွန်နဲ့ လှမ်းပြီးတော့ ဒုက္ခပေးနေတာ၊ ဖိအားပေးနေတာလည်းရှိတယ်။ ကျွန်တော်တို့လည်း ဒီလိုဖိအားပေးခံနေရတာရှိတယ်။ ဒါက ဘဏ္ဍာရေးတင် မဟုတ်ဘူး။ နိုင်ငံရေးအရလည်း ဖိအားပေးတာတွေ ခံရတယ်။ စီးပွားရေးအရလည်း ဖိအားပေးတာတွေ ခံရတယ်”

MT News
၇. ၉. ၂၀၂၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံ ချန်ဒူးမြို့သို့ ရောက်ရှိနေစဉ်အတွင်း ချန်ဒူးမြို့ရှိ Shanghai La ဟိုတယ်၌ ယမန်နေ့မွန်းလွဲပိုင်း တွင် တရုတ်နိုင်ငံသို့ အလုပ်သဘောခရီးစဉ်လာရောက် ခဲ့မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံ သတင်းမီဒီယာများ၏ မေးမြန်းမှုများအား ပြန်လည်ဖြေကြားခဲ့သည်။
ထိုသို့ လက်ခံဖြေကြားခဲ့ရာတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ မီဒီယာများဖြစ်ကြသည့် Chengdu Daily Chengdu Business Daily, West China Metropolis Daily, Chengdu Television (CDTV)। Sichuan Television (SCTV)। China Central Tele-vision (CCTV)। People’s Daily Online & China xinhua news တို့က ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်နိုင်ငံသို့ အလုပ်သဘော ခရီးစဉ်အတွင်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး(Shanghai Cooperation Organisation-SCO SUMMIT 2025) ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့မှုအခြေအနေ၊ တီယန်ကျင်းမြို့နှင့် ချန်ဒူးမြို့တို့၌ မြန်မာ-တရုတ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး ဆွေးနွေးပွဲများဆောင်ရွက်၍ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးအတွက် ဆောင်ရွက်ခဲ့မှု အခြေအနေများအား မေးမြန်းမှုများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ မီဒီယာများနှင့် တွေ့ဆုံစဉ် ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက အလုပ်သဘောခရီးစဉ်အတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား SCO ထိပ်သီးအစည်းအဝေးတက်ရောက်ခဲ့မှု၊ တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို အောက်ပါအတိုင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။
◾ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အင်တာဗျူးအကြို ပြောကြားချက်
အားလုံးပဲမင်္ဂလာပါ။ ကျွန်တော် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတကြီး H.E.Mr.Xi Jinping ဖိတ်ကြားချက်အရ ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်နေ့ ကနေ ဒီနေ့ စက်တင်ဘာလ ၆ ရက်နေ့အထိ ရှစ်ရက် ကြာ တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီး လာရောက်ခဲ့ခြင်းဖြစ်ပါတယ်။ ပထမဆုံး ဩဂုတ်လ ၃၁ ရက်နေ့မှာတော့ တီယန်ကျင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအပေါင်း အစည်းအဝေးကို ကျွန်တော် တက်ရောက်ခဲ့ပါတယ်။ အဲဒီမှာတော့ ကျွန်တော် မူလအဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများအနေနဲ့ ရှိတဲ့အခါမှာ ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ ဆွေးနွေးဖက်နိုင်ငံအဖြစ် ၂၀၂၃ ခုနှစ်မှာ ရောက်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး ဖိတ်ကြားချက်အရ ဖြစ်တဲ့အတွက်ကြောင့် ဒီအစည်းအဝေးကို လာရောက်တက်ရောက်ခဲ့ပြီး ကျွန်တော်လည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အဲဒီမှာတော့ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီးက ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုလုပ်ငန်းတွေ ပြုပြင်ပြောင်းလဲရေး အဆိုပြုချက်ငါးချက်(Five Point of Global Governance Initiative) ကို အဆိုပြုဆွေးနွေးခဲ့ပါတယ်။ လက်ရှိ ကမ္ဘာ့အခြေအနေနဲ့ ကိုက်ညီပါတယ်။ ကျွန်တော်တို့ ကမ္ဘာ့နိုင်ငံတွေမှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေရှိတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ရှိတယ်။ ဆင်းရဲတဲ့နိုင်ငံတွေရှိတယ်။ ဒီနိုင်ငံတွေဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အခြေအနေချင်း မတူပေမယ့်လည်း၊ တချို့ တူညီတဲ့အခြေအနေတွေ ရှိပေမယ့်လည်း အင်အား ကြီးတဲ့နိုင်ငံတွေက အင်အားတူညီတဲ့နိုင်ငံတွေရော၊ အင်အားနည်းတဲ့ နိုင်ငံတွေရောကို နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ စစ်ရေး အမျိုးစုံနဲ့ ဖိအားပေးနေတာကို ကြုံတွေ့နေရပါတယ်။ ဒီဟာကို သမ္မတကြီး H.E.Mr.Xi Jinping က ထောက်ပြပြီးတော့ ဒါကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်တဲ့အကြောင်းကို ပြောခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ ဒီအဆိုပြုချက် ငါးချက်ကိုအပြည့်အဝထောက်ခံကြောင်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်များကလည်း ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။ ဒီရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ အစည်းအဝေးကတော့ လုံးဝအောင်မြင်တဲ့ အစည်းအဝေးတစ်ခုဖြစ်တယ်လို့ ကျွန်တော် ပြောချင် ပါတယ်။ တစ်ဆက်တည်းမှာပဲ စက်တင်ဘာလ ၃ ရက် နေ့က ပြုလုပ်ခဲ့တဲ့ တရုတ်ပြည်သူများ၏ ဂျပန်ခုခံ တော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အခမ်းအနားကို လည်း ကျွန်တော် တက်ရောက်ခဲ့ပါတယ်။ အင်မတန် ကြီးကျယ်ခမ်းနားတဲ့ စစ်ရေးပြအခမ်းအနားကြီး ဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ တရုတ်တပ်မတော် ရဲ့ စနစ်တကျလေ့ကျင့်ထားမှုကိုလည်း အကောင်းဆုံး ဖြစ်တာကို ကျွန်တော်တွေ့ပါတယ်။ နောက် တရုတ် ပြည်သူများရဲ့ စည်းကမ်းအပြည့်အဝရှိမှုကိုလည်း ကျွန်တော် တွေ့ရှိပါတယ်။ နောက် တတိယအနေနဲ့ ကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ကာကွယ်ရေး စွမ်းပကား မြင့်မားတယ်ဆိုတာကို ဒီမှာတွေ့ရပါတယ်။ နောက်တစ်ခါ ကမ္ဘာကြီးကို တရုတ်နိုင်ငံအနေနဲ့ ဆိုတာကိုလည်း အကာအကွယ်ပေးနိုင်တယ် ကျွန်တော်တို့ ဒီမှာတွေ့ပါတယ်။ တချို့ပစ္စည်းတွေ ဆိုရင် ကျွန်တော်တို့ လုံးဝကိုမထင်တဲ့ ကာကွယ်ရေးပစ္စည်းတွေ တွေ့ပါတယ်။ ဒီကာကွယ်ရေးပစ္စည်းတွေက ကမ္ဘာကိုခြိမ်းခြောက်နေတဲ့ အင်အားကြီးနိုင်ငံတွေရဲ့ အန္တရာယ်ကို ကာကွယ်ပေးနိုင်မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဖက်ဆစ်တွေရဲ့ နှိပ်စက်မှုဒဏ်ကိုခံခဲ့ရတဲ့ တော်လှန်မှု နှစ်(၈၀)ပြည့်တဲ့ကာလ ဖြစ်တဲ့အတွက်ကြောင့် အဓိပ္ပာယ်ရှိတဲ့၊ အကျိုးရှိတဲ့ စစ်ရေးပြအခမ်းအနားကြီးတစ်ခုဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့ တစ်ဆက်တည်းမှာပဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အရှေ့မြောက်ဘက်မှာရှိတဲ့ ဟေလုံကျန်းပြည်နယ်နဲ့ ဒီနေ့ ကျွန်တော်ရောက်ရှိနေတဲ့ စီချွမ်ပြည်နယ်တို့ကိုလည်း နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်နိုင်ဖို့ ကျွန်တော်ချစ်ကြည်ရေးခရီးဆက်လာခဲ့တာဖြစ်ပါတယ်။ ဒီနေ့ခရီးစဉ် ဒီတင်ပြီးပြီ ဖြစ်ပါတယ်။

နောက်ထပ် ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး နယ်ပယ်တွေ ဘယ်လိုဆောင်ရွက်နိုင် မလဲဆိုတာ ကျွန်တော်လေ့လာတဲ့အခါမှာ ကျွန်တော် တို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အခွင့်အလမ်းတွေ များစွာရှိတာကို ကျွန်တော်တွေ့ပါတယ်။ နောက်တစ်ခါ စီးပွားရေးနဲ့ပတ်သက်ပြီး ရောင်းဝယ် ဖောက်ကားမှု၊ ကုန်သွယ်မှုနဲ့ ပတ်သက်ပြီးတော့လည်း များစွာ ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေ များစွာ ရှိတယ်ဆိုတာလည်း နှစ်ဖက်လုံးမှာ ကျွန်တော် တွေ့ပါတယ်။ တီယန်ကျင်းမှာရော၊ စီချွမ်မြို့မှာရော၊ ဟာပင်းမှာရော၊ ချန်ဒူးမြို့မှာရော နှစ်နိုင်ငံမှာရှိတဲ့ ကုန်သည်ကြီးများနဲ့ ကျွန်တော်တွေ့ဆုံပြီးတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခွင့်အလမ်းနဲ့ ပတ်သက်ပြီးတော့ ပွင့်ပွင့်လင်းလင်း ကျွန်တော်ပြောခဲ့ပါတယ်။ ကျွန်တော်နဲ့ အဖွဲ့ဝင်အဖြစ်ပါလာတဲ့ ဝန်ကြီးတွေကလည်း အကုန် ပြည့်ပြည့်စုံစုံ ရှင်းပြနိုင်ခဲ့ပါတယ်။ တရုတ်ကုန်သည်များကလည်း စိတ်ဝင်တစားနဲ့ ပါဝင်ဆွေးနွေးပြောကြားခဲ့မှုများ၊ လာရောက်တွေ့ဆုံ တက်ရောက်ခဲ့မှုများရှိလို့ ကျွန်တော်တို့ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု များစွာ မျှော်လင့်ချက်ရှိနေကြတယ်ဆိုတာ ကျွန်တော်တို့ တွေ့ပါတယ်။ ကျွန်တော် တရုတ်နိုင်ငံကိုလာတာ ၁၂ ကြိမ်မြောက် ခရီးစဉ်ဖြစ်ပါတယ်။ ဒီ ၁၂ ကြိမ်မြောက် ခရီးစဉ်မှာ ဒီခရီးစဉ်က အအောင်မြင်ဆုံး ခရီးစဉ်တစ်ခုလို့ ကျွန်တော် ပြောလိုပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ယုံကြည်စိတ်ချရတဲ့ အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ တရုတ်နိုင်ငံကလည်း ကျွန်တော်တို့နိုင်ငံရဲ့ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေအဖြစ် အမြဲတမ်းမျှော်လင့်ထားပါတယ်။ အခု ကျွန်တော်တို့လာတဲ့ ခရီးစဉ်က နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးနယ်ပယ်ကို ခိုင်ခိုင်မာမာနဲ့ ယုံယုံကြည်ကြည်လုပ်နိုင်ဖို့အတွက် အခွင့်အလမ်းတွေ ရခဲ့တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ တရုတ်နိုင်ငံ အနေနဲ့လည်း မြန်မာနိုင်ငံနဲ့ ရဲရဲတင်းတင်း ပူးပေါင်း ဆောင်ရွက်နိုင်မယ်လို့လည်း ကျွန်တော်မျှော်လင့်ပါ တယ်။ အောင်မြင်မှု ခရီးစဉ်တစ်ခုဖြစ်အောင် ခင်ဗျား တို့ တက်ရောက်လာကြသူများကလည်း အိမ်ဖြည့် ပေးတာဖြစ်ပါတယ်။ ကောင်းပါပြီ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
◾ မီဒီယာများ၏ မေးမြန်းမှုများ

မေး ◾ လေးစားအပ်ပါသော ယာယီသမ္မတကြီးရှင့်။ ကျွန်မကတော့ People Daily Online Media သတင်းထောက်ဖြစ်ပါတယ်။ ကျွန်မမေးချင်တာကတော့ တရုတ်-မြန်မာ ဆက်ဆံရေး၊ သံတမန် ဆက်ဆံရေးဟာ ဒီနှစ်မှာ (၇၅)နှစ်ပြည့်ခဲ့ပြီဖြစ်ပါ တယ်။ ယာယီသမ္မတကြီးအနေနဲ့ နှစ်နိုင်ငံအနာဂတ်မှာ မည်သည့်အခန်းကဏ္ဍများ မဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်မှုများမှာ ဆက်လက်ပူးပေါင်းပေးသွား မယ်၊ တရုတ်-မြန်မာရဲ့ အေးအတူပူအမျှအသိုက် အဝန်းမှာ ဘယ်လိုဆက်လက်တွန်းအားပေးသွားမယ်ဆိုတာ သိရှိလိုပါတယ်ရှင့်။
ဖြေ။ ကျွန်တော် အစက ပြောခဲ့ပြီးသား။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဟာ ဆွေမျိုးပေါက်ဖော်နိုင်ငံတွေဖြစ်တယ်။ အိမ်နီးနားချင်းမှာလည်း မိုင်ပေါင်း ၁၃၀၀ လောက်ရှည်တဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံတွေဖြစ်တယ်။ နှစ်နိုင်ငံသမိုင်းကြောင်းကလည်း နှစ်ပေါင်းများစွာကတည်းက ကူးလူးဆက်ဆံမှုတွေရှိခဲ့တယ်။ နှစ်နိုင်ငံဆက်ဆံရေးကလည်း ယုံကြည်စိတ်ချမှုအပြည့်နဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကဏ္ဍစုံကနေပြီးတော့မှ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်သွားမယ်။ နောက်တစ်ခါ တရုတ်နိုင်ငံကနေပြီးတော့ အားသာချက်ရှိနေတဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Green Policy)ပေါ့နော်။ ဒီဟာကလည်း အမြဲတမ်း စိမ်းလန်းစိုပြည်တဲ့ မူဝါဒကို ကျွန်တော်တို့ရဲ့မူဝါဒနဲ့ တူညီတာကြောင့် ဒါလည်း တရုတ်နိုင်ငံရဲ့အတွေ့ အကြုံကို ရယူပြီးတော့မှ တရုတ်ရဲ့ပူးပေါင်းဆောင် ရွက်မှုနဲ့ မြန်မာနိုင်ငံကလည်း ဒီနေ့အကျိုးကျေးဇူးတွေ ခံစားနိုင်အောင် အားပေးဆောင်ရွက်သွားမယ်လို့ ပြောချင်ပါတယ်။

မေး ◾ ကျွန်မကတော့ ဆင်ဟွာသတင်းဌာနမှဖြစ်ပါ တယ်။ ကျွန်မမေးချင်တာက နှစ်ချက်ရှိပါတယ်။ နံပါတ်တစ်က မြန်မာနိုင်ငံဟာ ရှန်ဟိုင်း SCO မိတ်ဖက်နိုင်ငံဖြစ်ပါတယ်။ အဆွေတော်ဟာဆိုရင် ကျွန်မတို့သမ္မတကြီးရဲ့ဖိတ်ခေါ်မှုနဲ့အတူ တီယန်ကျင်းမြို့မှာဆောင်ရွက်ခဲ့တဲ့ SCO Plus အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ အစည်းအဝေးမှာလည်း ကျွန်မတို့ရဲ့ သမ္မတကြီးက Global Governance Initiative(GGI) ကို ပြောခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အဆွေတော်ဟာ သမ္မတကြီး ရှီကျင့်ဖျင်အဆိုပြုခဲ့တဲ့အစီအမံနဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားရှိပါသလဲ။ ပြီးတော့ အဲဒီအစီအမံဟာ လက်ရှိကမ္ဘာကြီးမှာ ဘယ်လိုဟာမျိုးတွေ သက်ရောက်မှုရှိပါသလဲ။ ဒါဟာ နံပါတ်တစ် မေးခွန်းပါ။ နံပါတ်နှစ်မေးခွန်းဟာဆိုရင် ယခုနှစ်ဟာ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက်ဖြစ်ခဲ့ပါပြီ။ သမ္မတကြီး ရှီကျင့်ဖျင်က တီယန်ကျင်းမှာ သမ္မတကြီးနဲ့ တွေ့ဆုံစဉ်မှာတော့ တရုတ်-မြန်မာဆက်ဆံရေးဟာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးဖြစ်ပြီး ပြည်သူများမှပေါက်ဖွားလာတဲ့ သမိုင်းကြောင်းရှည်လျားတဲ့ ဆက်ဆံရေးဖြစ်ပါတယ်။ နှစ်ဖက်လုံးဟာဆိုရင်တော့ တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး (၇၅)နှစ်အပေါ်မှာ မူတည်ပြီး နက်ရှိုင်းစွာ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှုကိုလည်း တွန်းအားပေးလျက်ရှိပြီး နှစ်နိုင်ငံပြည်သူများကိုလည်း သာယာဝပြောပြီး သုခများကိုလည်း သယ်ဆောင်လာတဲ့အတွက် ကျွန်မမေးခွန်းကတော့ လက်ရှိအဆွေတော်အနေနဲ့ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု နဲ့ ပတ်သက်ပြီး ဘယ်လို Comment ပေးလိုပါသလဲ။
ဖြေ။ Global SCO အပေါင်း အစည်းအဝေးနဲ့ ပတ်သက်ပြီး သမ္မတကြီး ရှီကျင့်ဖျင်က Global Governance Initiative (၅)ချက်တင်ပြတာ ရှိတယ်။ ကျွန်တော် အဖွင့်မှာလည်း စပြီးပြောခဲ့ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ အင်အားကြီးနိုင်ငံတွေပေါ့။ သူတို့ကနေပြီးတော့ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ စစ်ရေးအမျိုးစုံနဲ့ အနိုင်ကျင့်နေတာတွေ့ရပါတယ်။ ခင်ဗျားတို့ တရုတ်နိုင်ငံကိုပဲ အမေရိကန်က အခွန်နဲ့ လှမ်းပြီးတော့ ဒုက္ခပေးနေတာ၊ ဖိအားပေးနေတာလည်းရှိတယ်။ ကျွန်တော်တို့လည်း ဒီလိုဖိအားပေးခံနေရတာရှိတယ်။ ဒါက ဘဏ္ဍာရေးတင် မဟုတ်ဘူး။ နိုင်ငံရေးအရလည်း ဖိအားပေးတာတွေ ခံရတယ်။ စီးပွားရေးအရလည်း ဖိအားပေးတာတွေ ခံရတယ်။ ဒီလိုတွေ ကြုံတွေ့နေရတာဖြစ်ပါတယ်။ ဒီအချိန်မှာ ဒီ(၅)ချက်က ကမ္ဘာ့ရဲ့ဖြစ်ပေါ်နေတဲ့ အားနည်းချက်တွေကို ဖော်ထုတ်ပြီးတော့မှ ဒါကို ကျွန်တော်တို့ ပြုပြင်ဖို့လိုတဲ့အကြောင်းကို ဖော်ပြ သွားတာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ ပူးပေါင်း ဆောင်ရွက်ဖို့၊ နိုင်ငံတွေပူးပေါင်းဆောင်ရွက်ဖို့ သင့် တယ်လို့ ကျွန်တော်ကတော့ ပြောချင်ပါတယ်။ အဲဒီ တော့ သမ္မတကြီးရှီကျင့်ဖျင်လည်း မည်သည့်ဖိအား မဆို၊ ခြိမ်းခြောက်မှုမဆို တရုတ်နိုင်ငံအနေနဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ရှိကြောင်း ပြောခဲ့တာ ဒီအဓိပ္ပာယ်ကို ဒါကြောင့် ကျွန်တော်တို့နားလည်ထားပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ဒါတွေအားလုံးကို ထိန်းသိမ်း ဆောင်ရွက်ပေးနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ နောက်တစ်ခုကတော့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဆက်ဆံရေး (၇၅ )နှစ်ပြည့်ပြီးတဲ့ ကာလအပေါ် မှာ သဘောထားပြောတာရှိပါတယ်။ တကယ်လို့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဆက်ဆံရေး သံတမန်အရ (၇၅)နှစ်ပေမယ့် ကျွန်တော်တို့နှစ်နိုင်ငံဆက်ဆံရေးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့တဲ့ ဆက်ဆံရေးဖြစ်ပါတယ်။ အိမ်နီးနားချင်းနိုင်ငံတွေလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်မှုဟာ မြန်မာနိုင်ငံအပေါ် သက်ရောက်မှု အကျိုးဖြစ်မှုရှိသလိုပဲ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်အေးချမ်းမှုဟာလည်း တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူရမှာဖြစ်ပါတယ်။ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးရှိတယ်ဆိုတာ မြန်မာနဲ့ တရုတ်နှစ်နိုင်ငံပဲရှိပါတယ်။ မဟာဗျူဟာ မိတ်ဖက်နိုင်ငံ အေးအတူပူအမျှ အသိုက်အဝန်းအတူ ခံစားရမယ်ဆိုတဲ့ နိုင်ငံများအဖြစ် နှစ်နိုင်ငံသဘောတူညီချက်နဲ့လုပ်နေတာရှိပါတယ်။ ဒါကြောင့် ဒီကဏ္ဍတွေကို အခုလက်ရှိ ကျွန်တော်တာဝန်ယူထားတဲ့ အချိန်မှာလည်း ကျွန်တော်တို့နိုင်ငံကနေ ဒါကို အလေးထားကုစားသွားမှာဖြစ်သလို တရုတ်နိုင်ငံကလည်း အခုလက်ရှိ ပူးပေါင်းဆောင်ရွက်ပေးနေတယ် ဆိုတာလည်း ကျွန်တော်တို့အားလုံးမျက်မြင်ဖြစ်ပါတယ်။ တရုတ်-မြန်မာဆက်ဆံရေးဟာ အခုအခြေအနေမှာ အကောင်းဆုံးအခြေအနေ၊ အမြင့်ဆုံးအခြေအနေကို ရောက်နေတယ်လို့ ဆိုရပေမယ့်လည်း ဒီထက်ပိုပြီးကောင်းတဲ့၊ ဒီထက်ပိုပြီးမြင့်မားတဲ့၊ ဒီထက်ပိုပြီး ပူးပေါင်းဆောင်ရွက်မှုအားကောင်းတဲ့ အခြေအနေမျိုးကို ဆက်ပြီးအကောင်အထည်ဖော်သွားမှာလည်း ဖြစ်ပါတယ်။ ကောင်းတယ်ဆိုတာ ကတော့ အမြဲတမ်းမဟုတ်ပါဘူး။ ကောင်းတယ်၊ ဒီထက်ပိုကောင်းတယ်၊ ဒီထက်ပိုပြီးကောင်းတယ်ဆိုတာ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုက နမူနာပြနေပါတယ်။ ဒီလိုပဲ နှစ်နိုင်ငံဆက်ဆံရေး ပူးပေါင်းဆောင်ရွက်ရာမှာလည်း ကောင်းသည်ထက်ကောင်းအောင်၊ ကောင်းသည်ထက်ကောင်းအောင် ဆောင်ရွက်သွားဖို့ နှစ်ဖက်လုံးက ကြိုးစားရမှာဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်လာတဲ့ ခရီးစဉ်က မနေ့က အခြေအနေထက်ပိုကောင်းအောင် ကျွန်တော်ဆောင်ရွက်နိုင်ခဲ့တယ်လို့ ပြောချင်ပါတယ်။ ကောင်းပါပြီ။

မေး◾ လေးစားအပ်ပါသော ယာယီသမ္မတကြီးရှင်။ကျွန်မကတော့ စီချွမ် Daily မီဒီယာမှဖြစ်ပါတယ်။ ကျွန်မမေးခွန်းလေးနှစ်ခု မေးပါရစေ။ နံပါတ်တစ်မေးခွန်းကတော့ လက်ရှိစီချွမ်ကို လာရောက်တဲ့ခရီးစဉ်မှာ ဘယ်လိုခံစားရပါသလဲ။ ဘယ်လိုကျေးဇူးရပါသလဲ။ နံပါတ်နှစ်က စီချွမ်နဲ့ မြန်မာအကြား ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တွေမှာ ဘယ်နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ချက်ရှိပါသလဲ။
ဖြေ။ စီချွမ်ပြည်နယ်ကိုလာရတာ အဓိကကတော့ ကျွန်တော်ကတော့ ချန်ဒူးပေါ့လေ။ ချန်ဒူးကို ဒီအခေါက်အပါအဝင် ငါးကြိမ် ကျွန်တော်ရောက်ပါ တယ်။ ၂၀၀၇ ခုနှစ်က ရောက်ခဲ့တာ၊ လွန်ခဲ့တဲ့ ၁၈ နှစ်က ကျွန်တော်ရောက်ခဲ့တာ။ ကျွန်တော်ရောက်ခဲ့တဲ့ အကြိမ်တွေအတွင်းမှာတော့ ချန်ဒူးက၊ ချန်ဒူးဆိုတာ ကလည်း စီချွမ်ကို ကိုယ်စားပြုထားတာပေါ့။ အများ ကြီးဖွံ့ဖြိုးတိုးတက်နေတာကို တွေ့မြင်ရပါတယ်။ ကျွန်တော်တို့ အားလည်းကျပါတယ်။ ဒါလေးလည်း ပူးပေါင်းဆောင်ရွက်ဖို့ အဆွေတော်တို့ရဲ့ ပါတီအတွင်း ရေးမှူးနဲ့ ဆွေးနွေးခဲ့တာရှိတယ်။ ဒါတွေ ပူးပေါင်း ဆောင်ရွက်ဖို့အတွက် နှစ်ဖက်လုံးသဘောတူကြပါ တယ်။ နှစ်နိုင်ငံ နှစ်ဖက်ပေါ့။ စီချွမ်ပြည်နယ်နဲ့ မြန်မာ နိုင်ငံပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွေ ကျယ်ကျယ် ပြန့်ပြန့်ရှိတယ်။ စီချွမ်ပြည်နယ်ဟာ စက်မှု နည်းပညာမှာလည်း ဖွံ့ဖြိုးတိုးတက်ပါတယ်။ နောက်ပညာရေးကဏ္ဍမှာလည်း မြင့်မားပါတယ်။ စိုက်ပျိုးရေးကဏ္ဍလည်း မြင့်မားပါတယ်။ သို့သော် စီချွမ်ပြည်နယ်မှာမရှိတဲ့ စိုက်ပျိုးရေးထုတ်ကုန်၊ မြေပေါ်မြေအောက်ထုတ်ကုန်ပစ္စည်းတွေ၊ ရေထွက်ပစ္စည်းတွေ မြန်မာနိုင်ငံက အများကြီးရှိပါတယ်။ ဒါကြောင့် ဒီဟာကို နှစ်ဖက်ပူးပေါင်းဆောင်ရွက်မယ် ဆိုလို့ရှိရင် တရုတ်နိုင်ငံ ကိုယ်စားပြုဆောင်ရွက်တာနဲ့ အတူတူပဲလို့ ကျွန်တော်ပြောချင်ပါတယ်။ လေကြောင်းပို့ဆောင်ရေးနဲ့ပတ်သက်ပြီး အမြန်ဆုံး အကောင်အထည်ဖော်ဖို့အတွက် စီစဉ်နေပါတယ်။ ကုန်သွယ်မှုတွေ မြင့်မားလာရင်လေကြောင်းသွားလာ မှုတွေလည်း များလာမှာဖြစ်တယ်။ ဘာပဲပြောပြော စီချွမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံပူးပေါင်းဆောင်ရွက်ရေးဟာ အရင်ကာလနဲ့စာရင် အများကြီး ဒီထက် အဆပေါင်းများစွာ တိုးတက်မယ်လို့ ကျွန်တော် မျှော်မှန်းထားပါတယ်။ ဒါကြောင့်မို့ စီချွမ်ပြည်နယ်က မီဒီယာအဖွဲ့တွေလည်း မြန်မာနိုင်ငံကို လာရောက်ပြီးတော့ လေ့လာဖို့ ဖိတ်ကြားပါတယ်။ လာကြည့်ပါ။ လာကြည့်မှ မြန်မာနိုင်ငံနဲ့ ဘယ်လိုဆောင်ရွက်မယ် ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း ပိုပြီးတော့ ခံစားရမှာဖြစ်ပါတယ်။ ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ်။
