၅. ၉. ၂၀၂၅
Written by Nyein Kyaw
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဟေလုံကျန်းပြည်နယ်၊ ဟာပင်းမြို့ရှိ Beidahaung Smart Agriculture Exhibition Center နှင့် Heilongjing Huida Technology Co., Ltd များသို့ ယနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် သွားရောက်လေ့လာကြည့်ရှု့ခဲ့သည်။

ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များ Beidahaung Smart Agriculture Exhibition Center သို့ ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲတွင် သွားရောက်လေ့လာခဲ့ရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ပြီးနောက် Beidahaung Smart Agriculture Exhibition Center ၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုအား ကြည့်ရှုကြသည်။
ထို့နောက် ခင်းကျင်းပြသထားသည့် လယ်ယာစိုက်ပျိုးမှု သရုပ်ပြပုံစံငယ်၊ စိုက်ပျိုးရေးလုပ်ငန်း များကို ခေတ်မီဒစ်ဂျစ်တယ်နည်းပညာဖြင့် လူမဲ့နည်းပညာဖြင့် AI စနစ်သုံး စက်ယန္တရားများနှင့် ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းများဆောင်ရွက်မှု၊ AI စနစ်သုံး Drone များဖြင့်စိုက်ပျိုးမြေများအတွက် လိုအပ်သော မြေဩဇာများ၊ ပိုးသတ်ဆေးများကြဲပက်ခြင်းနှင့် မျိုးစေ့များကြဲပတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ကုန်ကြမ်းပစ္စည်းများကို အသုံးပြု၍ တန်ဖိုးမြင့်ကုန်ချောပစ္စည်းများအဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိမှုနှင့် Beidahaung Smart Agriculture မှ ထုတ်လုပ်ထားရှိသည့် အဆင့်မြင့်လယ်ယာသုံး စက်ပစ္စည်းကိရိယာများအား လှည့်လည်ကြည့်ရှုလေ့လာကြသည်။

ထို့ပြင် Data Center အတွင်း လူမဲ့နည်းပညာဖြင့် AI စနစ်သုံး ကောက်စိုက်စက်များ၊ Drone များဖြင့် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ရေသွင်းရေထုတ်လုပ်ငန်းများအား ဆောင်ရွက်နေမှု အခြေအနေများကို တိုက်ရိုက်ကြည့်ရှုလေ့လာကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် Heilongjing Huida Technology Co., Ltd သို့ သွားရောက်လေ့လာရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ပြီး ကုမ္ပဏီမှနိုင်ငံတကာ၌ အဆင့်မြင့်စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ မောင်းသူမဲ့စနစ်နှင့် ယဉ်ယန္တရားများ၏ ဒီဇိုင်းများထုတ်လုပ်လျက်ရှိမှု၊ စိုက်ပျိုးရေးအထောက်အကူပြု Drone များ ထုတ်လုပ်အသုံးပြုလျက်ရှိမှု၊ AI စနစ်သုံးမြေအခြေအနေ တိုင်းတာရေးပစ္စည်းများ ထုတ်လုပ်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် နေ့လယ်ပိုင်းတွင် ဟာပင်းမြို့၊ Taiping International Airport မှ အထူးလေယာဉ်ဖြင့် စီချွမ်ပြည်နယ် ချန်ဒူးမြို့သို့ ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန် ညနေပိုင်းတွင် ချန်ဒူးမြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
