၄. ၉. ၂၀၂၅
Written by Nyein Kyaw
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဟေလုံကျန်းပြည်နယ်ပါတီအတွင်းရေးမှူး Mr.Xu Qin တို့ ဒေသစံတော်ချိန် ယနေ့ ညနေ ၆ နာရီ အချိန်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီး အစည်းအဝေး (Shanghai Cooperation Organisation- SCO SUMMIT 2025) နှင့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြ အခမ်းအနားများကို အောင်မြင်စွာကျင်းပဆောင်ရွက်နိုင်ခဲ့မှု၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ သံတမန်ဆက်ဆံမှုသည် ၇၅ နှစ်တာကာလကို ကျော်လွန်ခဲ့ပြီဖြစ်ပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးသည့် ပူးပေါင်းဆောင်ရွက်မှုများရှိမှု၊ ဟေလုံးကျန်းပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား အောင်မြင်အောင်ဆောင်ရွက်လျက်ရှိမှုများကို ဆွေးနွေးခဲ့သည်။

အဆင့်မြင့်တက္ကသိုလ်၊ ကောလိပ်များဖွင့်လှစ်သင်ကြားလျက်ရှိမှုနှင့် မြန်မာနိုင်ငံမှ ပညာတော်သင်များ တက်ရောက်သင်ကြားလျက်ရှိမှု၊ မြန်မာနိုင်ငံမှထွက်ရှိသည့် သီးနှံများအား ဟေလုံကျန်းပြည်နယ်သို့ တင်ပို့နိုင်မှု၊ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် နည်း ပညာဖလှယ်မှုများဆောင်ရွက်နိုင်မှု၊ ပညာရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်အောင်ဆောင်ရွက်နိုင်မှု၊ ဟေလုံကျန်းပြည်နယ်နှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုလုပ်ငန်းများနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေး နွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့်အတူ ကော်မရှင် အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီးတို့တက်ရောက်ကြပြီး ဟေလုံကျန်းပြည်နယ်ပါတီအတွင်းရေးမှူးနှင့်အတူ ဟေလုံ ကျန်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
