၃.၉.၂၀၂၅
Translated by Htwe Ko Tun
ပီရူးနိုင်ငံ အာဏာပိုင်များက ပီရူးနိုင်ငံမြို့တော် လီမားရှိ အင်ဒိုနီးရှားနိုင်ငံသံရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ အင်ဒိုနီးရှားသံတမန်တစ်ဦးကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားမှုတစ်ရပ်က အကြမ်းဖက်ရာဇဝတ်မှုတွေ တလိမ့်လိမ့်မြင့်တက်လာနေတဲ့ တောင်အမေရိကနိုင်ငံ ပီရူးမှာ စက်တင်ဘာလ ၁ ရက်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အသက် ၄၀ နှစ်ရှိ အင်ဒိုနီးရှားသံတမန် ဇီထရို လီအိုနာဒို ပါဘာဟာ စက်တင်ဘာလ ၁ ရက် ညက သူနေထိုင်ရာ တိုက်ခန်းတွဲကို စက်ဘီးနဲ့ ပြန်ရောက်လာစဉ် သေနတ်နဲ့ သုံးချက်အပစ်ခံခဲ့ရတာပါ။ သူ့ကို ဆေးရုံကိုတင်ပို့ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သေဆုံးခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ဒီအမှုကို ကြေးစားလူသတ်သမား ငှားရမ်း သတ်ဖြတ်တဲ့ လူသတ်မှု တစ်ရပ်အနေနဲ့ စုံစမ်း စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။
တာဝန်ရှိသူတွေအနေနဲ့ကတော့ ဒီပစ်ခတ်သတ်ဖြတ်မှုက ဘာကြောင့်ဖြစ်နိုင်တယ်ဆိုတာ မပြောသေးပါဘူး။ ပီရူးနိုင်ငံ ပြည်ထဲရေးဝန်ကြီး ကားလို့စ် မာလာဗာက ဥပဒေပြုအမတ်တွေကို ဒီအမှုက သေချာစွာစီစဉ်ပြုလုပ်ခဲ့တဲ့ ငှားရမ်းလူသတ်မှုတစ်ရပ်လို့ယူဆရတယ်လို့ ပြောခဲ့ပါတယ်။
ထောက်လှမ်းရေးကင်မရာတစ်ခုက ရိုက်ကူးထားချက်တို ရဲတပ်ဖွဲ့ကထုတ်လွှင့်ခဲ့ရာမှာ ဦးထုပ်အမာစား တစ်ခုဝတ်ထားသူတစ်ဦးက အင်ဒိုနီးရှားသံအရာရှိကို သေနတ်နဲ့ နှစ်ချက်ပစ်ခတ်ရာမှာ မြေပေါ်ကိုလဲကျသွားခဲ့တာပါ။ ဒီမှာ သေနတ်သမားက နောက်တစ်ချက်ထပ်မံပစ်ခတ်ကာ နောက်လူတစ်ဦးမောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ်တစ်စီးနဲ့ထွက်ပြေးသွားကြတာတွေ့ရပါတယ်။
မာလာဗာက သေနတ်သမားက သံအရာရှိထံက ဘာပစ္စည်းကိုမှတော့ယူမသွားခဲ့ဘူးလို့ ဆိုပါတယ်။ ဇီထရို လီအိုနာဒိုက လွန်ခဲ့တဲ့ငါးလက ပီရူးနိုင်ငံရှိ အင်ဒိုနီးရှားသံရုံးမှာ သံအရာရှိငယ်တစ်ဦးအနေနဲ့ တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိလာခဲ့တာပါ။ သူ့မှာဇနီးနဲ့ ကလေးသုံးဦးလည်းရှိပါတယ်။
သေနတ်သမားတွေက ဇီထရို ပြန်အလာကို စောင့်နေကြတာဖြစ်ပြီး သေနတ်နဲ့ ခေါင်းကို အသေသတ်ခဲ့ကြတာပါလို့လည်း မာလာဗာကပြောခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီယိုနိုက ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာမှာ ပြည့်စုံပြီး ထင်သာမြင်သာရှိတဲ့ စုံစမ်းထောက်လှမ်းမှုတစ်ရပ်ကို အင်ဒိုနီးရှားသံအရာရှိအသတ်ခံရမှုနှင့်ပတ်သက်လို့ ပီရူးအစိုးရကပြုလုပ်ပေးဖို့နဲ့ ပီရူးရှိသံတမန်တွေနဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေကိုလည်းကာကွယ်ပေးဖို့ ဖော်ပြခဲ့ပါတယ်။
ပီရူး နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း လူသတ်မှုအတွက် ပြည့်စုံစွာစုံစမ်းသွားမှာဖြစ်ပြီး အင်ဒိုနီးရှားသံအမတ်နဲ့ သံရုံးဝန်ထမ်းတွေကို လိုအပ်တဲ့အထောက်အပံ့နဲ့ ကာကွယ်မှုတွေပေးသွားမယ်လို့ ပြောခဲ့ပါတယ်။
Ref- AP
