၃. ၉. ၂၀၂၅
Written by Nay Moe
စာသင်ကျောင်းကိုသွားတဲ့ လက်နက်မဲ့ အထက်တန်းကျောင်း ညစောင့်ဝန်ထမ်းကို PDF က နောက်ကနေ ဆိုင်ကယ်နဲ့ ချောင်းမြောင်းလိုက်ပါပြီး ပစ်သတ်မှု မုဒုံမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
ဖြစ်စဉ်က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁ ရက် ည ၇ နာရီ ၁၀ မိနစ်အချိန် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြို့မ(၄)ရပ်ကွက်မှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာမှာ မြို့မ(၃)ရပ်ကွက်နေ မုဒုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းက ညစောင့်ဝန်ထမ်းဖြစ်သူ ဦးအောင်မျိုးလွင်(ခ)ကိုမျိုး(၅၂)နှစ်ဟာ နေအိမ်ကနေ တာဝန်ထမ်းဆောင်ရာ စာသင်ကျောင်းဆီ မော်တော်ဆိုင်ကယ်နဲ့ ထွက်ခွာလာချိန် မြို့မ(၄)ရပ်ကွက်၊ မြသန္တာလမ်းထိပ်အရောက်မှာ PDF တစ်ဦးက နောက်ကနေ မော်တော်ဆိုင်ကယ်တစ်စီးနဲ့ မောင်းနှင်လိုက်ပါလာပြီး အလစ်အငိုက်မှာ သေနတ်နဲ့ ပစ်ခတ်ထွက်ပြေးသွားခဲ့လို့ ဦးအောင်မျိုးလွင်ဟာ ကျည်ထိမှန်ဒဏ်ရာများစွာရရှိကာ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။
နွေဦးတော်လှန်ရေးစတင်ချိန်ကနေ ဒီနေ့ဒီအချိန်အထိ ကျောင်းသားကျောင်းသူတွေ အပါအဝင် ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်ဟာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင် ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD,CRPH, NUG, PDF, EAOs တို့ရဲ့ သတ်ဖြတ်မှုကို ခံထားရပါတယ်။
