၂. ၉. ၂၀၂၅
Written by Nay Moe
ဒီနှစ်ဆန်းပိုင်းမှာ PDF တွေ တိုက်ခိုက်သိမ်းယူထားတဲ့ နတ်ထိပ်တောင် (ပုံတောင်) ကာကင်းစခန်းကို တပ်မတော်က ဒီနေ့လယ် ၁ နာရီအချိန်မှာ စစ်ကြောင်းထိုး ပြန်သိမ်းပိုက်လိုက်တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
မကွေးတိုင်း၊ ထီးလင်းမြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်မှာ PDF တွေ သိမ်းပိုက်ထားတဲ့ နတ်ထိပ်တောင်(ပုံတောင်) ကာကင်းစခန်းကို တပ်မတော်က ဩဂုတ် ၃၁ ရက်ကစ မြေပြင်ကနေ စစ်ကြောင်းထိုးတိုက်ခိုက်လာသလို စခန်းအနီးတစ်ဝိုက်ကိုလည်း လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲသိမ်းယူခဲ့တာဖြစ်ပါတယ်။
နတ်ထိပ်တောင် ကာကင်းစခန်းဟာ ပုံတောင်တစ်ဖက်စီမှာတည်ရှိတဲ့ ကပစ (၂၃) နဲ့ (၂၄) ရဲ့ ကာကင်းစခန်းဖြစ်ပြီး တပ်မတော်က ပုံတောင်လမ်းကို နယ်မြေစိုးမိုးမှုပြန်လည်ရရှိဖို့ ထိုးစစ်ဆင်ခဲ့တာဖြစ်သလို မကွေးတိုင်းအတွင်း ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်းနဲ့ ရေစကြိုမြို့တွေကလည်း စစ်အုပ်ချုပ်ရေးကြေညာထားပြီးနောက်မှာ နတ်ထိပ်တောင် ကာကင်းစခန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာဟာ Yaw Army ကြီးစိုးထားတဲ့ ယောဒေသကို စစ်ကြောင်းထိုးနိုင်ဖို့လည်း လမ်းပြန်ပွင့်လာပြီဖြစ်ပါတယ်။
