
၃၁. ၈. ၂၀၂၅
Translated by Thettant
အီဂျစ်နိုင်ငံမြောက်ပိုင်းကမ်းရိုးတန်းမြို့ မာဆာမက်ထရုမှ မြို့တော် ကိုင်ရိုသို့ သွားနေသော ရထားတစ်စီး လမ်းချော် တိမ်းမှောက်ခဲ့ခြင်းကြောင့် လူ ၃ ဦး သေဆုံးပြီး ၁၀၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ယမန်နေ့ စနေနေ့က ဖြစ်ပွားခဲ့သော အဆိုပါဖြစ်ရပ်တွင် ရထားတွဲဆိုင်း ၇ ခု လမ်းချော်ခဲ့ပြီး တွဲဆိုင်း ၂ ခုမှာ မှောက်သွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ကျန်းမာရေးဝန်ကြီး ဒေါက်တာ ခလဲ အဘ်ဒူလ် ဂဘ်ဖာက သေဆုံးသွားသူများ၏ မိသားစုများနှင့်အတူ ဝမ်းနည်းကြောင်းပြောကြားပေးခဲ့ပြီး ဒဏ်ရာရရှိသူများ အမြန်ဆုံး သက်သာပျောက်ကင်းပါစေကြောင်း ဆုတောင်းပေးခဲ့သည်။

သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနနှင့် အီဂျစ်အမျိုးသားမီးရထားအာဏာပိုင်အဖွဲ့အစည်း (ENRA) တို့သည် မတော်တဆမှု၏ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
ENRA က ရထားလမ်းချော်မှုအတွက် တာဝန်ရှိသူမည်သူမဆိုကို အရေးယူမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ပျက်စီးနေသည့် အပိုင်းများကို ရှင်းလင်းရန်နှင့် ဝန်ဆောင်မှုများကို အမြန်ဆုံး ပြန်လည်စတင်ရန်အတွက် နည်းပညာအဖွဲ့များနှင့် စက်ကိရိယာများကို စေလွှတ်ထားကြောင်းလည်း ထပ်လောင်းပြောကြားခဲ့သည်။
အီဂျစ်၏ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနကို ကိုယ်စားပြုကာ သေဆုံးသွားသူများ၏ မိသားစုများနှင့်အတူ ဝမ်းနည်းကြောင်းလည်း ပြောကြားခဲ့သည်။
တာဝန်ရှိသူများ၏ ပြောကြားချက်အရ အဆိုပါဖြစ်ရပ်သည် မာဆာမက်ထရုဒေသရှိ ဖူကာနှင့် ဂျလဲယ်ဘူတာရုံများအကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာဂဘ်ဖာသည် အရေးပေါ်တုံ့ပြန်မှုများကို ကြီးကြပ်ရန်အတွက် ဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ပြီး နောက်ပိုင်းတွင် ဆေးရုံ၌ ဒဏ်ရာရရှိသူများကို သွားရောက်ကြည့်ရှုခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ ဒဏ်ရာရရှိသူအားလုံးကို အရေးပေါ်လူနာတင်ယာဥ် ဒေသတွင်း ဆေးရုံ ၂ ခုသို့ ပို့ဆောင်ခဲ့သည်။
သေဆုံးသူ ၃ ဦး၏ ရုပ်အလောင်းများကို ယခုအခါ ပြည်သူ့တရားလိုအဖွဲ့က ထိန်းသိမ်းထားကြောင်းလည်း ထပ်လောင်းပြောကြားခဲ့သည်။
အီဂျစ်၏ မီးရထားကွန်ရက်ပေါ်တွင် မကြာခဏဆိုသလို မတော်တဆမှုများ ဖြစ်ပွားလေ့ရှိပြီး ယင်းမှာ ပြုပြင်ထိန်းသိမ်းမှု အားနည်းခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်းတို့ကလည်း အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်သည်။
အသေအပျောက်အများဆုံး ရထားဘေးအန္တရာယ်တစ်ခုသည် ၂၀၀၂ ခုနှစ်တွင်ဖြစ်ပွားခဲ့ပြီး ကိုင်ရို၏တောင်ဘက်သို့ ခရီးသွားနေသော ရထားတစ်စီးပေါ် မီးလောင်မှုဖြစ်ပွားရာမှ လူပေါင်း ၃၇၀ ကျော် သေဆုံးခဲ့သည်။
Ref, BBC
