၃၀.၈.၂၀၂၅.
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံမှာ နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေဖြစ်ပွားနေတာနဲ့အတူ မြို့တော်ဂျာကာတာမှာ ဩဂုတ်လ ၂၈ ရက်က အငှားမော်တော်ဆိုင်ကယ်မောင်းနှင်သူတစ်ဦးမှာ ရဲတပ်ဖွဲ့သံချပ်ကာကားနဲ့ တိုက်မိသေဆုံးခဲ့ပါတယ်။ ဒီနောက် နိုင်ငံအရှေ့ပိုင်း၊ မာကာဆာမြို့မှာလည်း ဆန္ဒပြမှုတွေအတွင်း အဆောက်အအုံတစ်ခုထဲမှာ မီးလောင်ကျွမ်းနေစဉ် ပိတ်မိလို့ ဩဂုတ် ၂၉ ရက်က အနည်းဆုံးလူသုံးဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတာဝန်ရှိသူတစ်ဦးက ဩဂုတ်လ ၃၀ ရက်မှာ ပြောခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းမှာ အဓိကမြို့ကြီးတွေမှာဆိုရင် ဆန္ဒပြမှုတွေကြောင့် တုန်လှုပ်ခြောက်ခြားမှုတွေဖြစ်နေရပါတယ်။ ဆူလာဝီစီကျွန်းရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ မာကာဆာမြိုမှာဆိုရင် ဆန္ဒပြမှုတွေအတွင်းမှာ ပြည်နယ်နဲ့ မြို့ကောင်စီအဆောက်အအုံတွေ အတော်ကို ဆန္ဒပြသမားတွေက မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။မော်တော်ယာဉ်တွေကိုလည်း ကျောက်ခဲတွေ၊ မီးလောင်ဗုံးတွေနဲ့ ပစ်ခတ်ခဲ့ကြပါတယ်။




မာကာဆာမြို့ကောင်စီ အဆောက်အအုံကို ဆန္ဒပြသမားတွေက မီးရှို့ခဲ့ကြရာမှာတော့ လူသုံးဦးမှာ အ ဆောက်အအုံအတွင်းပိတ်မိကာ မီးလောင်ကျွမ်းသေဆုံးခဲ့ရတာလို့ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။ ဒါပေမယ့် သူက ဒါက ခန့်မှန်းချက်သာဖြစ်တယ်။ ဒီထက်ပိုပြီးသေဆုံးသူများနိုင်တယ်လို့ ပြောခဲ့ပါတယ်။
သေဆုံးသူတွေအနက် နှစ်ဦးက ဝန်ထမ်းတွေဖြစ်ပြီး တစ်ဦးက ရုံးအစေခံလို့ သိရပါတယ်။ မီးလောင်မှုမှာ အနည်းဆုံး လေးဦးဒဏ်ရာရခဲ့ပြီး ဆေးရုံတင်ပို့ထားရတယ်လို့လည်း သိရပါတယ်။
ဗီဒီယို ရိုက်ကူးချက်တွေမှာတော့ ဆန္ဒပြသမားတွေရာနဲ့ချီလို့ မီးလောင်နေတဲ့ အဆောက်အအုံ အပြင်ဘက်မှာ အော်ဟစ်လက်ခုပ်တီးနေကြတာ တွေ့ရပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုတော့ အနည်းငယ်သာတွေ့ရတယ်လို့ ဆိုကြပါတယ်။
မြို့တော် ဂျာကာတာအပါအဝင် တခြားမြို့ကြီးတွေမှာလည်း ဩဂုတ်လ ၂၉ ရက်က ဆန္ဒပြပွဲတွေ နေရာအနှံ့ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Ref- CNA
