◾ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ မိမိနိုင်ငံအကျိုးစီးပွားနှင့်လျော်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ် လျှောက်လှမ်းမှု၊ နိုင်ငံ့ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအကျိုးစီးပွားကို ကာကွယ်မှုအပေါ် ထောက်ခံကြောင်း ရှီကျင့်ဖိန် ပြောကြား
MT News
၃၀. ၈. ၂၀၂၅
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ လာရောက်၍ ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး၊ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အခမ်းအနားသို့ တက်ရောက်လာသော မြန်မာနိုင်ငံ၏ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ထျန်းကျင်းမြို့ ဧည့်ဂေဟာတွင် ဩဂုတ် ၃၀ ရက် ညနေပိုင်းက လက်ခံတွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က မြန်မာနိုင်ငံသည် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အရှေ့တိုင်းစစ်မျက်နှာစာ၏ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သလို ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ၏ အရေးကြီး ဆွေးနွေးဖက်နိုင်ငံဖြစ်ကြောင်း၊ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် ပြည်သူတွင် အခြေတည်၍ အချိန်ကာလကြာသည်နှင့်အမျှ ပို၍ရှင်သန်တိုးတက်လျက်ရှိကြောင်း၊ နှစ်ဖက်အနေဖြင့် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်ပြည့် အခါသမယကို အခွင့်အလမ်းအဖြစ်ထားရှိကာ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်၊ အေးတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး အရှိန်မြှင့်တွန်းအားပေးရန်၊ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို ပိုမိုဆောင်ကြဉ်းပေးရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ မိမိနိုင်ငံအကျိုးစီးပွားနှင့်လျော်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ် လျှောက်လှမ်းမှု၊ နိုင်ငံ့ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအကျိုးစီးပွားကို ကာကွယ်မှုအပေါ် ထောက်ခံသလို မြန်မာနိုင်ငံ ငလျင်ကြီးအလွန် ပြန်လည်တည်ဆောက်ရေး၊ လူမှုဘဝကောင်းမွန်ရေး ဆောင်ရွက်မှုများကို ထောက်ခံပြီး မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းနိုင်ငံရေးအင်အားကို ကျယ်ကျယ်ပြန့်ပြန့် သွေးစည်းညီညွတ်အောင် ဆောင်ရွက်ကာ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပြန်လည်ဖော်ဆောင်မှုကို ထောက်ခံကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအဓိကစီမံကိန်းများကို တွန်းအားပေးဆောင်ရွက်ကာ ကုန်သွယ်စီးပွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများကို စုပေါင်းအင်အားဖြင့် တိုက်ဖျက်ကာ တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အတူတကွကာကွယ်ရမည် ဖြစ်သလို မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ၏ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ စီမံကိန်းလုံခြုံရေးကို သေချာစေရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါးရပ် စိတ်ဓာတ်ကို မြှင့်တင်ကာ ကုလသမဂ္ဂဗဟိုပြုသည့် နိုင်ငံတကာစနစ်ကို အတူတကွ ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယာယီသမ္မတက မြန်မာ-တရုတ် နှစ်နိုင်ငံသည် နက်ရှိုင်းသည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းတည်ငြိမ်ရေးအပေါ် အတူတကွကြိုးပမ်းလိုမှု ရှိကြရာ ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ရေးအတွက် အရေးကြီးသည့်အကျိုးကို ထမ်းဆောင်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အစဉ်အမြဲအားဖြင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်ပံ့ပိုးပေးသလို မြန်မာနိုင်ငံ ကပ်ဘေးအလွန် ပြန်လည်တည်ဆောက်ရေးကို အားပေး ပံ့ပိုးခဲ့ပြီး မြန်မာနိုင်ငံ မြောက်ပိုင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အပြုသဘောအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ မမှိတ်မသုန်လက်ကိုင်ထားကျင့်သုံးမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အရည်အသွေးမြင့်အတူတည်ဆောက်ကာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ စွမ်းအင်၊ အခြေခံအဆောက်အဦစသည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ပြီး နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုများပြားသော အကျိုးစီးပွားများ ဖန်တီးသွားလိုကြောင်း၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)၏ ဆွေးနွေးဖက်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသည် SCO ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ကြွစွာ အကျိုးဆောင်သွားလိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားတွင် တရုတ်- မြန်မာနှစ်နိုင်ငံအနေဖြင့် အကောက်ခွန်၊ သတင်းမီဒီယာ စသည့် ကဏ္ဍများဆိုင်ရာ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးစာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြသည်။
Ref., Xinhua
