




၃၀.၈.၂၀၂၅
Written By Thandar
အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းခဲ့တဲ့ တေးသံရှင် ဆွီတီရဲ့ “လွမ်းသူ” သီချင်း MTV ထွက်ရှိခြင်း အမှတ်တရ မီဒီယာတွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ ဩဂုတ်လ ၃၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကရဝိတ်နန်းတော်၊ မင်္ဂလာခန်းမမှာ ကျင်းပခဲ့ရာ အနုပညာမောင်နှမတွေများစွာ တက်ရောက်ခဲ့ကြပါတယ်။
“လွမ်းသူကတော့ Audio ကတော့ မနှစ်က ၂၀၂၄ ခုနှစ်က ဩဂုတ် ၃၀ ရက်မှာပဲ ထွက်ခဲ့ပါတယ်။ ဒီနေ့က တစ်နှစ်ပြည့်တဲ့ တိုက်တိုက်ဆိုင်ဆိုင်လေး MTV လေး ထွက်ဖြစ်တာပါ။ မမဆွီတို့ ရိုက်ကူးရေးအပိုင်းကိုတော့ ချင်းမိုင်မှာ ၁၀ ရက်တိတိ အချိန်ယူပြီးတော့ ရိုက်ကူးခဲ့တာပါ။ လှတဲ့ရှုခင်းလေးတွေကို သီချင်းလေးနဲ့ ချိတ်ဆက်ပြီးတော့ ရိုက်ဖြစ်ခဲ့ကြတာပါ။ ပရိသတ်တွေ အကြိုက်တွေ့ရမယ့် ရိုက်ကူးပုံဖော်မှုတွေကို တွေ့ရမှာပါ” လို့ တေးသံရှင် ဆွီတီက MT Entertainment ကို ပြောပါတယ်။
အဆိုပါ တေးသီချင်း မိတ်ဆက်ပွဲကိုတော့ တေးရေးဆရာ မြင့်မိုးအောင်၊ အဆိုတော် သီရိကိုကို၊ တေးရေးဆရာ အောင်နိုင်ဆန်း၊ ဒါရိုက်တာ ဟိန်းစိုး စတဲ့ အနုပညာမောင်နှမတွေ တက်ရောက်ခဲ့ကြပြီး တေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။
New Active Production က ပထမဦးဆုံးခြေလှမ်းအနေနဲ့ “လွမ်းသူ” တေးသီချင်းကို တေးရေးဆရာ ကိုအောင်က ရေးသားပေးထားပြီးတော့ ထိုင်းနိုင်ငံ ချင်းမိုင်ဒေသဘက်မှာ ရိုက်ကူးပုံဖော်ခဲ့တာလည်း ဖြစ်တယ်လို့ သိရပါတယ်။ ပြန်ဆုံမယ့် ညနေ၊ အချစ်ဆိုတာ သီချင်းတွေ ပြန်လည်ပေါက်လာသလို “စိတ်ကူးများနဲ့ ကျွန်မ”Album တခြားတေးသီချင်းတွေလည်း ထွက်ရှိထားသူလည်း ဖြစ်ပါတယ်။
