၂၉.၈.၂၀၂၅.
Translated by Htwe Ko Tun
ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အကြား နယ်စပ်ပြဿနာကြောင့် ဆက်ဆံရေးအခြေအနေ တင်းမာနေခဲ့တဲ့အချိန်က အွန်လိုင်းမှာပေါက်ကြားလာခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်တာဝန်ယူထားခဲ့သူ ပေတုံတန် ရှင်နာဝပ်ထရာနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း၊ လက်ရှိအထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်တို့ရဲ့ ဖုန်းဆက်သွယ်မှုနဲ့ပတ်သက်တဲ့အမှုမှာ ရာထူးမှဆိုင်းငံ့ခံထားရတဲ့ ပေတုံတန်နဲ့ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးက ကျင့်ဝတ်ဖောက်ဖျက်မှုနဲ့ အပြစ်ရှိလို့ ဝန်ကြီးချုပ်ရာထူးကနေ လုံးဝဖယ်ရှားခဲ့တယ်လို့ သြဂုတ်လ ၂၉ ရက်မှာ စီရင်ချက် ချမှတ်ခဲ့ပါတယ်။







ရာထူးမှ ဆိုင်းငံ့ခံထားရတဲ့ ပေတုံတန်ဟာ ခုံရုံးက စီရင်ချက်မချမီ ဩဂုတ် ၂၉ ရက်မှာ အစိုးရရုံးကို ရောက်လာတဲ့အခါ သတင်းထောက်တွေကို လက်ဝှေ့ယမ်း နှုတ်ဆက်ခဲ့ပါသေးတယ်။
ထိုင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးက ဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာကို ဝန်ကြီးချုပ်တာဝန်ယူအပြီး တစ်နှစ်အကြာမှာပဲ ခုလို ကျင့်ဝတ်ဖောက်ဖျက်မှုနဲ့ရာထူးက ထုတ်ပယ်လိုက်တာဖြစ်ပြီး ကမောက်ကမ ဖြစ်နေတဲ့ ရှင်နာဝပ်ထရာ နိုင်ငံရေးမျိုးဆက်ကို နောက်တစ်ကြိမ် ထပ်မံထိုးနှက်ခဲ့တာလို့လည်း ဆိုရမှာပါ။
ထိုင်းနိုင်ငံရဲ့ အသက်အငယ်ဆုံးဝန်ကြီးချုပ်လည်းဖြစ်ခဲ့တဲ့ ပေတုံတန်ဟာ ဆယ်စုနှစ် နှစ်ခုကြာခန့်ကာလအတွင်း နိုင်ငံရဲ့ အာဏာရဖို့ စစ်မက်ဖြစ်ပွားနေကြတဲ့ အထက်တန်းလွှာလူတန်းစားတွေကြားမှာ စစ်တပ် ဒါမှမဟုတ် တရားစီရင်ရေးကနေ ဖယ်ရှားခံရတဲ့ ဘီလျံနာသူဌေးလို့ သက်ဆင် ရှင်နာဝပ်ထရာ မိသားစုမှ ဒါမှမဟုတ် မိသားစုက ထောက်ခံတဲ့ ဆဋ္ဌမမြောက်ဝန်ကြီးချုပ်လည်း ဖြစ်ခဲ့ရပါတယ်။ သူ့ရဲ့အဖေ သက်ဆင် ဆိုရင်လည်း ၂၀၀၆ ခုနှစ် အာဏာသိမ်းမှုမှာဖြုတ်ချခံခဲ့ရပြီး အဒေါ်ဖြစ်သူ ယင်လပ် မှာလည်းနောက်ထပ် စစ်တပ်အာဏာသိမ်းမှု မတိုင်မီ သီတင်းပတ်တွေအတွင်း ၂၀၁၄ ခုနှစ် အစောပိုင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက ရာထူးမှ ဖယ်ရှားခံခဲ့ရပါတယ်။
ခုံရုံးရဲ့စီရင်ချက်မှာ ပေတုံတန်ဟာ ဇွန်လအတွင်းပေါက်ကြားခဲ့တဲ့ ဟွန်ဆန်နဲ့ ဖုန်းပြောဆိုမှု အသံဖိုင်မှာ ကျင့်ဝတ်ကိုဖောက်ဖျက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအချိန်က နှစ်နိုင်ငံအကြား ပဋိပက္ခဖြစ်ပွားလု ဖြစ်နေ ချိန်မှာ ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်ထံ မျက်နှာချိုသွေးပြောသလို လုပ်ခဲ့တာကို ရည်စူးပြီးပြောခဲ့တာလည်း ဖြစ်ပါတယ်။ ဒီနောက် ရက်သတ္တပတ်တွေအကြာမှာ နှစ်နိုင်ငံကြားတိုက်ခိုက် မှုတွေဖြစ်ခဲ့ပြီး ငါးရက်ကြာရှည်ခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၇၀ (၁) (၄) မှာ ပုဒ်မ ၁၀၆ (၄) (၅) တို့နဲ့ ပူးပေါင်းဖော်ပြထားတာမှာ ဝန်ကြီးတစ်ဦးဟာ ယုံကြည်ထိုက်သူ ဖြစ်ရမည်၊ ဘက်ပေါင်းစုံမှ စိစစ်၍ သမာဓိရှိရမည်၊ ထင်ရှားပေါ်လွင်တဲ့ စုစည်းမှုရှိရမည် လို့ ဆိုထားပါတယ်။
အထူးသဖြင့် ဒုတိယစစ်ဒေသ တိုင်းမှူးကို ရည်ညွှန်းပြီး “ငါတို့” ဟူသော ဝေါဟာရကို အသုံးပြု ပြောကြားခဲ့တာက အစိုးရနဲ့ တပ်မတော်ကြား စည်းလုံးညီညွတ်မှု ကင်းမဲ့တယ်လို့ ဝန်ကြီးချုပ်ရဲ့ အသံဖိုင်မှာ ဖော်ပြရာရောက်တယ်လို ခုံရုံးက စီရင်ချက်မှတ်ချက်ကို နိဂုံးချုပ်ခဲ့ပါတယ်။။
ဒီလို အပြုအမူက မိမိဘက်သားတွေထဲမှာ သဘော ထားကွဲလွဲမှုကို ဖော်ပြနေတာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ရပ်တည်ချက်ကို အားနည်းစေကာ ကမ္ဘောဒီးယားကို မိမိပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်ဖို့ ခွင့်ပြုသလိုဖြစ်တယ်လို့ တရားသူကြီးတွေက ပြောခဲ့ကြပါတယ်။
ဖုန်းခေါ်ဆိုမှု ပေါက်ကြားပြီးနောက်မှာတော့ ပေတုံတန် က တောင်းပန်ခဲ့ပြီး သူ့အနေနဲ့ စစ်ပွဲကို ရှောင်ရှားဖို့ ကြိုးစားနေတယ်ဆိုတာ ပြောခဲ့ပါတယ်။ သူ့အနေနဲ့ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့အတွက် စေ့စပ်ညှိနှိုင်းရေးမဟာဗျူဟာအနေနဲ့ ဟွန်ဆန်နဲ့ ဆက်ဆံရာမှာ ငြင်သာစွာ ချဉ်းကပ်ဖို့ ရည်ရွယ်ထားခဲ့တာပါလို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဒါပေမယ့် ပေတုံတန်အနေနဲ့ ဝန်ကြီးချုပ်အနေနဲ့ စွမ်းဆောင်ရည် ပျက်ကွက်ခဲ့တယ်လို့ တိုင်ကြားသူတွေက ရှုမြင်ကြပါတယ်။။ ဟွန်ဆန်နဲ့ ပုဂ္ဂိုလ်ရေးနဲ့ မိသားစုဆက်ဆံရေးတွေအကြောင်း ပြောဆိုချက်တွေက ပေတုံတန် အနေနဲ့ ကမ္ဘောဒီးယားဘက်က ရပ်တည်နေလိုပုံရတယ်လို့ သူတို့က ပြောခဲ့ကြပါတယ်။
သူမက ဒုတိယစစ်ဒေသတိုင်းမှူးကို ပြိုင်ဘက်တစ်ဦးအနေနဲ့ ပြောခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံရဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းဖို့ အသင့်ရှိတယ်လို့ အထက်လွှတ်တော်အမတ်တွေက ပြောခဲ့ကြပါတယ်။
ကမ္ဘောဒီးယားက ပေတုံတန်နဲ့ ဟွန်ဆန်တို့ ဖုန်းပြောဆိုတဲ့ နေ့ရက်ဖြစ်တဲ့ ဇွန်လ ၁၅ ရက်မှာပဲ နယ်စပ်ဖြတ်ကျော်မှု ကန့်သတ်ချက်တွေကို ထိုင်းဘက်ကရုပ်သိမ်းပေးဖို့ ဟွန်ဆန်က ထပ်မံတောင်းဆိုခဲ့တာပါ။
ဒါကြောင့် မစ္စပေတုံတန် ရဲ့ ဝန်ကြီးရာထူးဟာ ဇူလိုင်လ ၁ ရက်မှာ ပြီးဆုံးတယ်လို့ တရားရုံးက သူမရဲ့ တာဝန်တွေကို ထမ်းဆောင်ခြင်းမှ ရပ်စဲဖို့ အမိန့်ချတဲ့နေ့စွဲနဲ့ ဆုံးဖြတ်ခဲ့ပါတယ်။ အစိုးရအဖွဲ့တစ်ခုလုံးကို ဖျက်သိမ်းဖို့လည်း စီရင်ချက်က ပြဌာန်းခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် လွှတ်တော်အနေနဲ့ ဝန်ကြီးချုပ်အသစ်တစ်ယောက်တင်မြှောက်ဖို့ လမ်းဖွင့်ပေးလိုက်သလိုလည်းဖြစ်ပါတယ်။
အာဏာရ ဖျူထိုင်းပါတီအဖို့တော့ အလျှော့အတင်းလုပ်ပိုင်ခွင့် ဆုံးရှုံးသွားကာ ခိုင်မာမှုမရှိတဲ့မဟာမိတ် တွေကို ကျောထောက်နောက်ခံပြု ရပ်တည်ရဦးမယ့် စိန်ခေါ်မှုနဲ့လည်း ရင်ဆိုင်လာရဦးမှာပါ။
ပေတုံတန်ဟာ ၁၇ နှစ်ကာလအတွင်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးက ဖယ်ရှားခံရတဲ့ ပဉ္စမမြောက် ဝန်ကြီးချုပ်ဖြစ်ပြီး ရှင်နာဝပ်ထရာမျိုးနွယ်စုရဲ့ ရွေးကောက်ခံအစိုးရတွေနဲ့ သြဇာကြီးမားတဲ့ ရှေးရိုးစွဲ ဝါဒီတွေနဲ့ တော်ဝင်ဝါဒီဗိုလ်ချုပ်တွေကြား ထိန်းသိမ်းရခက်တဲ့ အာဏာအတွက်အားပြိုင်မှုမှာ ခုံရုံးအနေနဲ့ အဓိကအခန်းကဏ္ဍမှ ပါဝင်နေတာကိုပြတာပဲလို့လည်းဆိုကြပါတယ်။။
ပေတုံတန်နေရာကို ဘယ်သူ့ကိုအစားထိုးမလဲဆိုတာ အလေးထားအာရုံစိုက်မှုနဲ့ အတူ သက်ဆင်အနေနဲ့လည်း ဖျူထိုင်းအနေနဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့ကို ဆက်လက်ဦးဆောင်နိုင်ဖို့ကြိုးစားဦးမှာပါ။
ဒုတိယဝန်ကြီးချုပ် ဖွမ်သမ် ဝီချာရာချိုင်းနဲ့ လက်ရှိအစိုးရအဖွဲ့က အိမ်စောင့်အစိုးရအနေနဲ့ နောက်ထပ်ဝန်ကြီးချုပ်အသစ်ကို အောက်လွှတ်တော်ကရွေးချယ်တင်မြှောက်ပြီးတဲ့အထိ အချိန်အကန့်အသတ် မရှိ အုပ်ချုပ်သွားမှာပါ။
ဝန်ကြီးချုပ်ဖြစ်လာဖို့ အရည်အချင်းပြည့်မီသူ ငါးဦးရှိတဲ့အနက် ဖျူထိုင်းပါတီကဆိုရင် အစိုးရအဖွဲ့အတွေ့အကြုံ မှာ အကန့်အသတ်ရှိသူနည်းပါးပြီး နိုင်ငံရေးမှာ နိမ့်ကျတဲ့ ကိုယ်ရေးအကျဉ်းသာရှိတဲ့ ရှေ့နေချုပ်ဟောင်း အသက် ၇၇ နှစ်အရွယ် ချေကာဆမ် နီတီဆရီ တစ်ဦးသာ ပါဝင်ပါတယ်။ အခြားသူတွေမှာ နိုင်ငံရေးမှ အနားယူပြီး၂၀၁၄ ခုနှစ်တုန်းက ဖျူထိုင်းအစိုးရကို စစ်တပ်က အာဏာသိမ်းစဉ် ခေါင်းဆောင်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ပရာယွတ်ချန်အိုချာ၊ ပေါက်ကြားလာတဲ့ ဖုန်းခေါ်ဆိုမှုကြောင့် သူ့ရဲပါတီကို ပေတုံတန်ရဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့မှ မနုတ်ထွက်မီ လက်ထောက် ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်ခဲ့တဲ့ အနျူတင် ချန်ဗီရာကူလ်တို့ ပါဝင်ကြတယ်လို့ သိရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဖျူထိုင်းပါတီအတွက်တော့ ပိုလို့ အကျိုးယုတ်စေမယ်လို့သာ မြင်ကြပါတယ်။
Ref -Bangkok Post
