MT News

Written by Nay Aung

နိုင်ငံရေးမတည်ငြိမ်မှုများရှိသော်လည်း မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများဆက်ရှိနေမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် Siam Commercial Bank ၏ စီးပွားရေးစုံစမ်းလေ့လာမှု စင်တာ(SCB EIC) အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ SCB EIC စင်တာသည် CLMV နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့သည် ၂၀၂၃ ခုနှစ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများရှိလာမည်ဟုဆိုသည်။ SCB EIC ၏ဖော်ပြချက်အရ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၅ ဒသမ ၅ ရာခိုင်နှုန်း၊ လာအိုက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၃ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ၆ ဒသမ ၂ ရာခိုင်နှုန်းအထိတိုးတက်လာမည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံသည်လည်း ၂၀၂၃ ခုနှစ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ၃ ရာခိုင်နှုန်းရှိလာမည်ဟု ပြီးခဲ့သောရက်ပိုင်းတွင် ထုတ်ပြန်ခဲ့သော SCB EIC ၏ အစီအရင်ခံစာတွင်ဖော်ပြထားသည်။

လာအိုနှင့်မြန်မာနိုင်ငံတို့သည် နိုင်ငံအတွင်းဖြစ်နေသော သီးခြားအန္တရာယ်များကြောင့် အခြားနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုများဆက်လက်ဖြစ်ပွားနေခြင်းက စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ဆွဲချသလိုမျိုးဖြစ်နေပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှု လျော့နည်းနေသလို ပြည်တွင်းတွင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်မှု မရေမရာဖြစ်လျက်ရှိနေဆဲဖြစ်ကြောင်း SCB EIC ကဆိုသည်။

နိုင်ငံရေးမတည်ငြိမ်မှုများက လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းလာမည်မဟုတ်ဘဲ တိုးတက်မှုနှေးကွေးမှုများရှိလာစေခဲ့ကြောင်း သို့သော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက ၂၀၂၃ ခုနှစ်အတွင်း ၃ ရာခိုင်နှုန်း မြင့်တက်လာနိုင်ဖွယ်ရှိနေသည်ဟုလည်း SCB EIC က ခန့်မှန်းထားသည်။

ကမ္ဘာ့ဘဏ်ကလည်း မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ပြီးခဲ့သောနှစ်အတွင်း ၃ ရာခိုင်နှုန်း တိုးတက်ခဲ့သလို လာမည့် ၂၀၂၃ ခုနှစ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၃ရာခိုင်နှုန်းမြင့်တက်ဖွယ်ရှိနေကြောင်း ပြီးခဲ့သောရက်ပိုင်းက ထုတ်ပြန်သော အစီအရင်ခံစာတွင်ဖော်ပြထားသည်။

ref – matichon

Leave a Reply

Your email address will not be published. Required fields are marked *

Related News