
၁၆.၈.၂၀၂၅
Written By Zun
AA စခန်းချထားရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ဒေသကို တပ်မတော်က ယမန်နေ့ သြဂုတ်လ ၁၅ ရက်တွင် ပြန်လည်ထိန်းချုပ်လိုက်ပြီ ဖြစ်သည်။
“မနေ့က လိပ်ခမော်ရွာဟောင်းကို နယ်မြေရှင်းလို့ ပြီးပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကပဲ ဗျင်းနေတာ။ သူတို့ဘက်က ခံစစ်ယူပြီး လုပ်ထားတယ်။ လိပ်ခမော်ရဲ့ လှေဆိပ်က သူတို့အတွက် အဓိက ခရီးသွားဆုံမှတ် လုပ်ထားတယ်။ အဲဒီနေရာတွေလည်း အားလုံးရှင်းပြီးပြီ”ဟု တပ်မတော် သတင်းရင်းမြစ်တစ်ဦးက MT News ကို ပြောသည်။
တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း AA ထိန်းချုပ်စခန်းချရာ မြို့၊ ရွာများကို ဒရုန်း စစ်ဆင်ရေး လုပ်ဆောင်နေခြင်း ဖြစ်ပြီး AA ဘက်က အကျအဆုံးများကြောင်း ဒေသတွင်း သတင်းရင်းမြစ်က MT News ကို ပြောသည်။
“ကျောက်ဖြူမှာ တပ်ကို သွားတိုက်ရမယ်ဆိုရင် AA ဘက်ကလူတွေက မလိုက်ချင်ကြဘူး။ မလိုက်ချင်ဘူးလို့ ပြောရင်လည်း ခြောက်ပေါက်ထဲကို ထည့်တယ်။ ထွက်ပြေးရင်လည်း အရိုက်ခံရတယ်လို့ ကျွန်တော်ကြားပါတယ်။ မြေပြင်မှာက တော်တော်လေး ခံနေရတယ်။ အွန်လိုင်းမှာတော့ AA က နိုင်နေတယ်လို့ ရခိုင်မီဒီယာတွေက ရေးနေ တယ်။ တကယ်တော့ ကွာခြားပါတယ်။ သူတို့က ရေးတော့ တပ်ဖက်က ဓညဝတီရေတပ်ဌာနချုပ်ကိုတောင် AA က နေရာယူထားတဲ့ ပုံစံမျိုး။တကယ်တမ်းက AA က အနားတောင် ကပ်လို့မရဘူး”ဟု ယင်း သတင်းရင်းမြစ်က ပြောသည်။
လိပ်ခမော်ကျေးရွာမှာ ကျောက်ဖြူမြို့နယ်ရှိ သဘာဝဓာတ်ငွေ့ဓာတ်အားပေး စက်ရုံ၊ ကုန်းတွင်းသဘာဝဓာတ်ငွေ့လက်ခံသိုလှောင်ပို့ဆောင်ရုံ (OGT)တို့ နှင့် အနီးဆုံးနေရာတွင် ရှိသော ကျေးရွာ ဖြစ်သောကြောင့် AA က ခံစစ်အနေဖြင့် စခန်းချနေခြင်းလည်း ဖြစ်သည်။
