ဒေသန္တရမိုင်းကြောင့် ပျက်စီးခဲ့သည့်ယာဥ် မြင်ကွင်း

MT News

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့ဘက်မှ နတ်သံကွင်းဘက်သို့ ဒေသထွက် ပစ္စည်းများရောင်းချရန် မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးသည် ဖေ‌ဖော်ဝါရီလ ၃ရက်နေ့ နံနက်ပိုင်းတွင် နတ်သံကွင်း- ကျောက်ကြီးသွား ကားလမ်းပေါ်၌ KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများ ထောင်ထားသည့် ဒေသန္တရကားမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၄ ဦး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်ဟု သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ကျောက်ကြီးမြို့၊ ကပ်ကျေးရပ်ကွက်နေသူများဖြစ်သည့် ဦးအောင်အောင် မောင်းနှင်ပြီး ဒေါ်ဇာခြည်ဦး၊ မောင်လွင်ကိုအောင်၊ မောင်အောင်သူရမျိုးလွင်နှင့် အသက်(၇)နှစ်အရွယ် မရှင်းသန့်လင်း တို့လိုက်ပါ၍ ဒေသထွက်ပစ္စည်းများရောင်းချရန် မောင်းနှင်လာသည့် မော်တော်ယာဉ်သည် ဖေ‌ဖော်ဝါရီလ ၃ရက် နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် နတ်သံကွင်း- ကျောက်ကြီးသွား ကားလမ်းပေါ်ရှိ ညောင်ကုန်းတံတား ရှောင်ကွင်းလမ်း သို့အရောက်၌ KNLA အဖွဲ့မှ ထောင်ထားသည့် ဒေသန္တရကားမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါ နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ မိုင်းပေါက်ကွဲမှုကြောင့် မော်တော်ယာဉ်ပျက်စီးခဲ့ပြီး ယာဉ်ပေါ်ပါ အပြစ်မဲ့ ပြည်သူ ၄ ဦးတွင် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့သဖြင့် ကျောက်ကြီးမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် မိုင်းပေါက်ကွဲသည့် နေရာအား ပြန်လည်ပြုပြင်ပြီးစီး၍ လူနှင့်ယာဉ်များ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာ လျက်ရှိကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *