သတိုး
၁၃. ၈. ၂၀၂၅
အီရန်နိုင်ငံ၊ တီဟီရန်မြို့မှ ကူလ်သမ်အက်ခ်ဘရီ (Kulthum Akbari) အမည်ရှိ အသက် ၅၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ၂၂ နှစ်တာကာလအတွင်း အသက်ကြီးသော ခင်ပွန်း ၁၁ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံလိုက်သည်။
သူမသည် အီရန်နိုင်ငံရှိ မြို့အသီးသီးမှ အသက်ကြီးပိုင်း အမျိုးသားများကို ပစ်မှတ်ထားကာ လက်ထပ်ပြီးနောက် သတ်ဖြတ်သည့် ကြောက်မက်ဖွယ်ရာ ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ပြီးနောက် သဲလွန်စများကို ဖျောက်ဖျက်ခဲ့သည်။
သတင်းများအရ အီရန်နိုင်ငံမြောက်ပိုင်း Mazandaran province ပြည်နယ်ရှိ Sari, Neka, Mahmoudabad, Babo နှင့် Qaemshahr မြို့များမှ သက်ကြီးရွယ်အိုများကို ခင်ပွန်းအဖြစ် စောင့်ကြည့်ရွေးချယ်ကာ ကြိုတင်ကြံစည်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ထို့အတွက် သူမ၏ ခင်ပွန်းများဖြစ်သော သားကောင်အများစုမှာ သဘာဝအတိုင်း သေဆုံးသည်ဟု ထင်ရပြီး သံသယဖြစ်ဖွယ်မရှိဘဲ ဆယ်စုနှစ်နှစ်ခုကြာ ဆက်လက်ကျူးလွန်နိုင်ခဲ့သည်။
အက်ခ်ဘရီသည် ၂၂ နှစ်အတွင်း အသက်ကြီးသော ခင်ပွန်း ၁၁ ဦးကို သတ်ဖြတ်ခဲ့သည့် လုပ်ရပ်သည် အမွေရလိုမှုနှင့် ငွေကြေးအကျိုးအမြတ်အတွက် စနစ်တကျ ကြိုတင်စီစဉ် သတ်ဖြတ်ခဲ့သည့် ရာဇဝတ်မှုများဖြစ်သည်ဟု ရှေ့နေများက ပြောဆိုခဲ့သည်။
◾️ အက်ခ်ဘရီသည် လူသတ်မှုများကို မည်သည့်အချိန်တွင် စတင်ခဲ့သနည်း
တရားရုံးမှတ်တမ်းများအရ အက်ခ်ဘရီ၏ လူသတ်မှုများသည် ၂၀၀၀ ပြည့်နှစ်တွင် စတင်ခဲ့ပြီး ၂၀၂၃ ခုနှစ်အထိ ဆက်လက်ဖြစ်ပွားခဲ့သည်ဟု Gulf News က ဖော်ပြသည်။ စုံစမ်းစစ်ဆေးသူများက သူမသည် အသက်ကြီးပိုင်း အမျိုးသားများကို ပစ်မှတ်ထားကာ လက်ထပ်ပြီးနောက် ဆီးချိုရောဂါဆေးဝါးများ၊ စိတ်ကြွဆေးများနှင့် အချို့ကိစ္စများတွင် စက်မှုလုပ်ငန်းသုံး အရက်များကို ရောစပ်ပြီး ဖြည်းဖြည်းချင်း အဆိပ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
“တရားခံဟာ သူ့ရဲ့ သဲလွန်စတွေကို ဖျောက်ဖျက်ရာမှာ ကျွမ်းကျင်ပါတယ်။ သားကောင်အများစုဟာ သူတို့ရဲ့ အသက်အရွယ်နဲ့ နာတာရှည်ရောဂါတွေကြောင့် သဘာဝအတိုင်း သေဆုံးတယ်လို့ ထင်ရပါတယ်။ ဒါကြောင့် ဆယ်စုနှစ်များစွာကြာအောင် သံသယမဖြစ်ဘဲ ဆက်လက်လုပ်ဆောင်နိုင်ခဲ့ပါတယ်” ဟု ရှေ့နေများက တရားရုံးတွင် ပြောကြားခဲ့သည်။
သူမ၏ နောက်ဆုံးသားကောင်ဖြစ်သော ၂၀၂၃ ခုနှစ်တွင် ကွယ်လွန်သွားသည့် Azizollah Babaei သည်လည်း ပထမတွင် သဘာဝအတိုင်း သေဆုံးခဲ့သည်ဟု ထင်ရသည်။ သို့သော် Babaei ၏သားက သံသယဖြစ်ခဲ့သောကြောင့် ရဲများက စုံစမ်းစစ်ဆေးခဲ့ရာ နောက်ဆုံးတွင် အက်ခ်ဘရီကို ဖမ်းဆီးနိုင်ခဲ့သည်။
◾️ အက်ခ်ဘရီအပေါ် စွဲချက်တင်ထားသော အမှုများ
တရားရုံးတွင် ရှေ့နေများက အက်ခ်ဘရီသည် သူမ၏သားကောင်များ၏ ကျန်းမာရေးကို အသေးစိတ်စောင့်ကြည့်ပြီး သဲလွန်စမကျန်ရစ်စေရန် သတ်ဖြတ်မည့်အချိန်ကို တိကျစွာ ရွေးချယ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ သူမသည် အဆိပ်ခတ်ရန် ကြိုးပမ်းမှုတစ်ခု မအောင်မြင်ခဲ့သောကြောင့် လူသတ်ရန် ကြိုးပမ်းမှုဖြင့်လည်း စွဲချက်တင်ခံထားရသည်။
ဤအမှုတွင် သားကောင်များ၏ မိသားစုများအပါအဝင် တရားလို အနည်းဆုံး ၄၅ ဦးကျော် ပါဝင်သည်။ သတ်ဖြတ်ခံရသူ လေးဦး၏ ဆွေမျိုးများက Akbari ကို သေဒဏ်ပေးရန် လူသိရှင်ကြား တောင်းဆိုထားသည်။
လက်ရှိတွင် Akbari သည် ကြိုတင်ကြံစည်မှုဖြင့် လူသတ်မှု ၁၁ မှုနှင့် လူသတ်ရန် ကြိုးပမ်းမှု ၁ မှုတို့ဖြင့် ရင်ဆိုင်နေရသည်။ ကျန်ရှိသည့် ကြားနာမှုများ ပြီးဆုံးပါက အမိန့်ချမှတ်မည်ဖြစ်ပြီး ဤအမှုသည် အီရန်နှင့် နိုင်ငံတကာမီဒီယာများ၏ အာရုံကို ဖမ်းစားထားသည်။
အတည်ပြုထားသော သူမ လက်ထက်ပြီး သတ်ဖြတ်ခဲ့သူများတွင် အသက် ၆၉ နှစ်အရွယ် Mirahmad Omrani သည် ၂၀၁၃ ခုနှစ်တွင် လက်ထပ်ပြီးနောက် တစ်လအကြာတွင် သေဆုံးခဲ့သလို အသက် ၆၂ နှစ်အရွယ် Esmail Bakhshi သည်လည်း ၂၀၁၆ ခုနှစ်တွင် လက်ထက်ပြီးနောက် နှစ်လအကြာတွင် အသက်ဆုံးခဲ့သလို အသက် ၈၃ နှစ်အရွယ် Ganjali Hamzei သည်လည်း လက်ထပ်ပြီးနောက် ၄၃ ရက်အကြာတွင် သေဆုံးခဲ့ကာ အဆိုပါ သေဆုံးခင်ပွန်းများထံမှ ရရှိသည့် ပိုင်ဆိုင်မှုများကို သူမက သမီးဖြစ်သူအမည်ဖြင့် လွှဲပြောင်းထားသည်ဟုလည်း သတင်းအချို့က ဖော်ပြသည်။
Masih Nemati ဆိုသော ခင်ပွန်းအမျိုးသားကမူ အက်ခ်ဘရီ၏ အဆိပ်ခတ်မှုကို ရင်ဆိုင်ခဲ့ရသော်လည်း အသက်မသေခဲ့သလို အက်ခ်ဘရီကို နှင်ထုတ်မှုသာပြုခဲ့ပြီး တိုင်ချက်မဖွင့်ခဲ့ပေ။
◾️ Black Widow အက်ခ်ဘရီ
Latrodectus ပင့်ကူနက်များတွင် အမသည် အထီးနှင့် လိင်ဆက်ဆံပြီးနောက် အထီးကို သတ်ဖြတ်သဖြင့် Blacl Widow ဟု ညွှန်းဆိုသော Sexual Cannibalism ဟု ခေါ်ဆိုသည့် လိင်ပိုင်းဆိုင်ရာလူသားစားမှုကျူးလွန်သည့်ဖြစ်ရပ်နှင့် နှိုင်းယှဉ်ကာ ကွင်းဆက်လူသတ်သမား အက်ခ်ဘရီကို အီရန်နိုင်ငံတွင် Black Widow ဟု ခေါ်ဆိုနေကြသည်။ Black Widow အက်ခ်ဘရီ၏ ပထမဆုံးအိမ်ထောင်ရေးသည် သူမအသက် ၁၈ နှစ်အရွယ်တွင် စိတ်ကျန်းမာရေးပြဿနာများ ခံစားနေရသော သူမ၏ဆွေမျိုးများထဲက သက်ကြီးပိုင်း အမျိုးသားတစ်ဦးနှင့် လက်ထပ်ခဲ့ခြင်းဖြစ်သည်။
သူမ၏ ဒုတိယအိမ်ထောင်တွင်လည်း သူမသည် အသက်ကြီးသော အဘိုးအိုတစ်ဦးနှင့် နှစ်အတော်ကြာ နေထိုင်ခဲ့ပြီး ခင်ပွန်းနှင့် သူမ၏ မိထွေးများက ရိုက်နှက်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။
ဒုတိယခင်ပွန်း ကွယ်လွန်ပြီးနောက်တွင်မူ သူမသည် သက်ကြီးရွယ်အိုများနှင့် အထီးကျန်ဆန်သော အမျိုးသားများနှင့် လက်ထပ်လိုသည့် ဆန္ဒကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သည့် အမျိုးသမီးစုဝေးပွဲများကို တက်ရောက်ခဲ့သည်ဟုလည်း သိရသည်။
ကွင်းဆက်လူသတ်သမားအဖြစ် အက်ခ်ဘရီက နာမည်ကျော်လာခဲ့သော်လည်း ဘာသာရေးအရ အမျိုးသမီးများအပေါ် ဖိနှိပ်သည့် ဘာသာရေးအစွန်းရောက် အီရန်နိုင်ငံတွင် အမျိုးသမီးတစ်ဦးက ၂၂ နှစ်ကြာအောင် ခင်ပွန်းများကို ဆက်တိုက် သတ်ဖြတ်ခဲ့သည့်ကိစ္စမှာ လူမှုမီဒီယာတွင် အီရန်နိုင်ငံမှ ဖိနှိပ်ခံ အမျိုးသမီးများဘက်က ရပ်တည်သူများ၊ အမျိုးသားများ၏ အားနည်းချက်ကို လှောင်ပြောင်လိုသူများနှင့် ၂၂ နှစ်ကြာအောင် ခင်ပွန်း ၁၁ ဦးကို သတ်ဖြတ်နိုင်ခဲ့သည့် ဖြစ်ရပ်၏ ဆန်းကြယ်မှုအပေါ် ဟာသလုပ်ခံနေရသလို အသတ်ခံရသည့်ခင်ပွန်းများ၏ မိသားစုဝင်များအဖို့လည်း ဖခင်သေဆုံးရမှုအပေါ် ဟာသလုပ်ခံနေရမှုက စိတ်ပျက်စရာဖြစ်စေခဲ့သည်။
Ref , Tuko & The Sun
